မေတ္တာမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပေး နှိုးဆော်

မေတ္တာ   စက်တင်ဘာ  ၂၇

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသူရကျော်နှင့် တပ်ဖွဲ့ဝင်များပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတို့ ပူးပေါင်း ယနေ့နံနက် () နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နည်းလမ်းများကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရ သည်။

 

ယင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအား သတိပေးကြေညာပေးရာတွင်  ဖြစ်နိုင် ပါက အိမ်အတွင်း၌ သာနေထိုင်ပါ။ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့် မိမိကိုယ်တိုင် လည်းဧည့်သည်အဖြစ် သွားရောက်ခြင်းလုံးဝမပြုပါနှင့်။ မိမိအိမ်တွင် အသက် (၆၅)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ (သို့) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ထားပေးပါ။ လေဝင်လေထွက်ကောင်းသည့် နေရာမှာနေစေပါ။ မဖြစ်မနေအိမ်အပြင်ထွက်မည်ဆိုပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေကွာ ခပ်ခွာခွာ နေထိုင်ပါ။ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။ လူစုလူဝေးရှောင်ကျဉ်ပါ။  ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်သာ ဈေးဝယ်ယူပါ။ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်။ အပြင်ထွက်လာပါက အိမ်ပြန်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင် လာခြင်း မရှိစေရန်သတိပြုပါ အသုံးပြုပြီးသော (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ် အပြင်တွင် စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီး ကပ်ထိတွေ့ခြင်းမှရှောင်ကျဉ်ပါရန် စသည့် အသိပေးပန်ကြား ချက်များကို နှိုး​ဆော်ခဲ့​ကြောင်း သိရှိရသည်။


 

နန်းခလိုက် (မေတ္တာ)