သရက်ချောင်း စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအရ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်ရှိလူစည်ကားရာ လမ်းဆုံနေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ပေးခြင်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးသတ်ရေယာဉ်ဖြင့် လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိလူစည်ကားရာလမ်းဆုံနေရာများတွင် လိုက်လံနှိုးဆော်ရာ၌နေအိမ် အတွင်း၌ သာနေထိုင်ရန် အိမ်တွင်ဧည့်သည် လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ်သွားရောက် ခြင်းလုံးဝမပြုရန်၊ နေအိမ် ပြင်ပသို့ မဖြစ်မနေ ထွက်ခွါပါက (Mask)နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊သက်ကြီး ရွယ်အိုနှင့် နာတာရှည်ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေဝင်လေထွက်မကောင်း သောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊လူစုလူဝေးရှောင်ရှားကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊(Mask)နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များမှ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံးပစ္စည်း များကို နေအိမ်အပြင်တွင်စနစ် တကျစွန့်ပစ်ရန်၊ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုမီအိမ်သားများနှင့် အနီးကပ်ရှောင်ကျဉ်ရန်၊ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှု ခံယူကြရန်စသည် တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(သရက်ချောင်း)