ကျွန်းစု စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် မြစိမ်းရောင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအား ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ရွေးချယ်မှု ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရွေးချယ်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးနိုင်လင်းထွန်းမှ စီမံကိန်းရွေးချယ်ရမည့် အခြေခံမူများအား ရှင်းလင်းပြောကြား ခဲ့သည်။
ထိုနောက် တက်ရောက်လာသူများက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ (၅)ရွာနှင့် မြစိမ်းရောင်ကျေးရွာ(၁)ရွာတို့အား အခြေခံစံသတ်မှတ်ချက်များနှင့်အညီ ဆွေးနွေးညှိနှိုင်းရွေးချယ်ခဲ့ကြရာ (VDP)ကျေးရွာအဖြစ် တောင်တွင်းကြီးကျေးရွာ၊ လင်မလိုကြီးကျေးရွာ၊ စလွန်အော်ကြီးကျေးရွာ၊ မိချောင်းအော် ကျေးရွာ၊ ဝါးချောင်းကျေးရွာတို့အား ရွေးချယ်ခဲ့ပြီး နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြစိမ်းရောင်စီမံကိန်း အတွက် ကဒဲကတွတ် ကျေးရွာအား ရွေးချယ်ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)