ဘိုကလေး စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မတည်အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် အများပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် အောက်ဆီဂျင်စက်ရုံအား တည်ဆောက်လျက်ရှိရာ အများပြည်သူ ကျန်းမာရေးအတွက် အကျိုးပြုမည့် အောက်ဆီဂျင်စက် စက်တင်ဘာ(၂၅)ရက်နေ့ ညနေပိုင်း၌ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံအား ဘိုကလေးကုတင်(၁၀၀)ဆေးရုံအနီးတွင် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ရန်လိုအပ်သည့် မြေနေရာအား ဘိုကလေးမြို့နယ်ရှိ အောင်ရတနာသန်းဆန်စက်မှ လှူဒါန်းပေးခဲ့သည်။
၎င်းအောက်ဆီဂျင်စက်အား တန်ဖိုးငွေ အမေရိကန်ဒေါ်လာ(၅၅၇၀၀)ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ပြီး (၂၄)နာရီလျှင် (၄၀)လီတာအိုး (၁၈၀)အိုး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မကြာခင်ရက်ပိုင်းအတွင်း အောက်ဆီဂျင်စက်အား တပ်ဆင်ထုပ်လုပ်၍ အများပြည်သူ ကျန်းမာရေးအတွက် အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးထံမှ သိရသည်။
မိုးစက်