သရက် စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့ ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်နှင့် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက် ပေးလျက်ရှိပြီး စက်တင်ဘာ ၂၆ ရက်နေ့အထိ (၆၁၅၈)ဦးအား ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်ထိုးနှံခြင်းဆောင်ရွက်ရာတွင် ထပ်မံရရှိသော ကာကွယ်ဆေးပုလင်း (၁၉၀၀) အား ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်နေရာများဖြစ်သော ရွှေသက်လွတ် ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာ၊ တလပါးကျေးရွာ၊ အလပ်လယ် ကျေးရွာနှင့် ဘော်ကျေးရွာတို့မှ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဆရာတော် သံဃာတော်များနှင့် ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်း စည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်ဆရာဝန်ကြီး နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး စက်တင်ဘာ ၂၆ ရက်နေ့အထိ(၆၁၈၅) ဦးကို ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)