မြိတ်မြို့နယ် ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျှော့ချနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်

မြိတ်   စက်တင်ဘာ   ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်လာ နိုင်မှုများကို လျှော့ချနိုင်ရန်  ယမန်နေ့က ကျေးရွာများတွင် ကျေးလက်နေပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးရှာဖွေဖော်ထုတ်၍ ပိုးတွေ့ရှိသူကို ဆေးကုသမှုခံယူရန်  ဆေးရုံသို့ အချိန်မီလွှဲပို့ပေးခဲ့ကြောင်း သိရသည်။

ကျေးရွာများသို့ ကွင်းဆင်း၍ ရောဂါရှာဖွေ စစ်ဆေးဖော်ထုတ်ပေးခြင်းကို သမုတ်ရွာလယ်၊ သမုတ်တိုက် နယ်ဆေးရုံ၊ လိမ်ကယ်ရွာ၊ ရေတံပိုးရွာတို့တွင် ကျေးလက်နေပြည်သူ(၁၃၁)ဦးကို  ကိုဗစ်ရောဂါပိုးရှိမရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ(၁၄)ဦးအား သမုတ်တိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် လွှဲ ပြောင်းပေးခဲ့၍  အခြားလူနာများအား ဆေးဝါးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ သမုတ်တိုက်နယ်ဆေးရုံ ကိုဗစ်ကုသဆောင်နှင့် ရွာဦးဘုန်းတော်ကြီးကျောင်း ယာယီ isolation center တို့တွင် လိုအပ်သည့် တကိုယ်ရေ အကာအကွယ် ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများကို မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း(မြိတ်)တို့မှ သမုတ်တိုက်နယ်ဆေးရုံနှင့် သမုတ် ကျေးလက်ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

မြိတ်မြို့၌ ကိုဗစ်-၁၉တတိယလှိုင်းဖြစ်ပွားပြီး ဩဂုတ်လအတွင်း ရောဂါကူးစက်မှုများဖြစ်ပွားခဲ့၍ သေဆုံးမှုများ ရှိခဲ့သဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် ရောဂါကူးစက်ဖြစ် ပွားမှု လျော့ကျလာခဲ့သည်။ ကိုဗစ် တတိယလှိုင်း အရွေ့သည် ကျေးရွာများသို့ လျင်မြန်စွာ ပြန့်နှံ့ကာ  ကူးစက်မှု ရှိနေနိုင် သည့် အခြေအနေများအရ မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်)၊  မြန်မာနိုင်ငံကြက်ခြေနီအသင်း(မြိတ်)နှင့် ပရဟိတအဖွဲ့များမှ  ကျေးရွာများသို့ ကွင်းဆင်း၍  ကျေးလက်ကျန်းမာရေးဌာနနှင့်  ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ်)