ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မြန်မာနှင့် တိုင်းရင်းဘာသာတို့ဖြင့် အသိပညာပေးနှိုးဆော်

ကော့ကရိတ် စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာစာရေးများနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉နာရီက  မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ ဗမာနှင့် ပိုးကရင်စသည့် တိုင်းရင်းသာဘာသာစကားတို့ဖြင့် လှည့်လည်အသိပညာ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန်အတွက် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပ ဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပထမအကြိမ်အဖြစ်ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံကြရန်၊ ရောဂါကူးစက်မှုကို အမြန်တားဆီးကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်တို့ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)