ပခုက္ကူမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိပြီးပျောက်ကင်းသွားသည့် နို့တိုက်မိခင်တစ်ဦး ၏ စကားသံများ

ပခုက္ကူ စက်တင်ဘာ၂၇

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ်၁ရပ်ကွက်နေ ကိုဗစ်-၁၉ ကူးဆက်ခံရပြီး ပျောက်ကင်းသွားသည့် နို့တိုက်မိခင်တစ်ဦး၏ အတွေ့အကြုံစကားသံများကို ယခုလိုကြား သိခဲ့ရသည်။

ကျွန်မနာမည်က မမေမျိုးသူဖြစ်ပါ၊ ပခုက္ကူမြို့မှာနေထိုင်ပါတယ်။ ကျွန်မက ၇လပိုင်း ၅ရက်နေ့က အနံ့ပျောက်လို့ ဆေးရုံက Mobile Team test kits နဲ့ စစ်တဲ့အချိန်မှာ ကိုဗစ်-၁၉ပိုးတွေ့တာပါ။ ပိုးတွေ့တဲ့အချိန်မှာ ဘယ်လိုဖြစ်လည််းဆိုတော့ အဲဒီအချိန်မှာ ကုသရေးစင်တာတွေ မဖွင့်သေးတော့ ဆေးရုံမှာလူကြပ်လို့အိမ်မှာသီးသန့်ခွဲနေရတယ်။ခွဲနေရတော့ အိမ်ကကလေးကလည်း (၅)လပဲ ရှိသေးတော့  ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီးနားလည်တဲ့သူတွေကို မေးရပါတယ်။ သူတို့ ညွှန်ကြားတဲ့ အတိုင်းကလေး ကိုနို့တိုက်ပါတယ်။ပတ်ဝန်းကျင်ကလည်းအားပေးပါတယ်။ ဖုန်းတွေ ဆက်ပြီး မကြောက်ဖို့၊မလန့်ဖို့ အားပေးစကားပြောကြပါတယ်။ အနံ့ပျောက်တာကလွဲပြီး ဘာမှတော့မဖြစ်ပါဘူး။ ဖျားတာနာတာလည်းမရှိလိုက်တော ့ပြင်းပြင်းထန်ထန်မခံစားရပါဘူး။ Facebook ပေါ်မှာ ကိုဗစ်နဲ့ပတ်သက်ပြီး သေတာတွေမြင်ရကြားရရင်တော့ လန့်တာပေါ့။      အဓိက ကတော့  ကလေးနို့တိုက်တဲ့အချိန်ကတော့ ဆရာဝန်တွေညွှန်ကြားထားတဲ့ အတိုင်း ကလေးနို့မတိုက်ခင် လက်ဆေး၊လက်အိတ်ဝတ်၊Maskနှစ်ထပ်တပ်၊Face Shieldတပ်ပြီး ကလေးကို မိနစ်၃၀လောက် နို့တိုက်တယ်။ တိုက်ပြီးရင် အိမ်ကရှိတဲ့လူတွေကို ကလေးပြန်ပေးပြီး သီးသန့်ခွဲနေတယ်၊ သီးသန့်ခွဲအိပ်တယ်။အဲဒီလိုမျိုးလေးတွေတော့နေခဲ့ရတာ ပေါ့။အဓိက ကတော့ မကြောက်ဖို့ပါပဲ။ ကြောက်ပြီး စိတ်ဓာတ်ကျရင်ပိုဆိုးတာပေါ့။ ကျွန်မကတော့ ပိုးစတွေ့တဲ့ အချိန်ကနေ စပြီး ၂၁ရက် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ  အိမ်ကမိသားစုနဲ့ ခွဲနေတယ်။ အစားကတော့များများ စားပါတယ်။ ၂၁ရက်ပြည့်ပြီးတဲ့နောက် ကျန်းမာလာတဲ့ အချိန်မှာတော့ ဆေးရုံကြီး ကုသရေးစင်တာမှာ ပရဟိတအဖွဲ့တွေနဲ့ပေါင်းပြီး ကျွန်မလိုမျိုး ပိုးတွေ့တဲ့ လူနာတွေကို အားပေးရအောင်လို့ အားတဲ့အချိန်တိုင်းကူညီခဲ့တယ်။ပိုးတွေ့လာပြီဆိုရင်လည်း မကြောက်မရွံ အားပေးကြဖို့၊ ကူညီကြဖို့ ပြောချင်ပါတယ်။လူတော်တော်များက ပိုးတွေ့လာပြီဆိုရင် ရှောင်ဖယ် သွားကြတာများတယ်။ ရှောင်ဖယ်မယ့်အစား အဲဒီလူကို အားပေးမယ်ဆိုရင် အားတက်တာပေါ့။ ဒီရောဂါပိုးက ကြောက်လို့ရှိရင်ပိုဆိုးတယ်၊ အဓိကကတော့ ကျန်းမာရေးညွှန်ကြားချက် အတိုင်း၂၁ ရက်ခွဲနေမယ် ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးတွေသောက်သုံးရင် အသက်အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါတယ်။ အစစအရာရာအွန်လိုင်းကနေ စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်တွေ၊ မိတ်ဆွေတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။

 

ဇော်(ပြန်/ဆက်)