ရွှေဘို စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရွှေဘိုပေါ်ဆန်းမိုးစပါး တင်း(၁၀၀) ထွက်ရှိရေး ရွက်ဖြန်းမြေဩဇာ သုံးစွဲမှု သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်၊ စက်မှုဇုန်ရပ်ရှိ Oxygen Plant Foundation (shwebo) စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံ တည်ဆောက်မှုအခြေနေများကို တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံတည်ဆောက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် အမှတ်(၁၀)ရပ်ကွက် ထူထောင်ရေးရပ်ရှိ၊ သက္ကယ်တန်းချောင်း ကူးတံတား(တံတားနက်) တည့်ဆောက်သည့်နေရာသို့ သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းမှ တံတားအထူးအဖွဲ့-၂(မုံရွာ)မှ ဆောင်ရွက်လျက်ရှိသည့် တံတား တည်ဆောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ရွှေဘိုမြို့မဈေးကြီးသို့ သွားရောက်၍ မီးလောင်ပျက်စီးဆုံးရှူံခဲ့သည့် ဈေဆိုင်ခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဘိုမြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းဦးမှ အသစ် ဆောက်လုပ်မည့် ဈေးအဆောက်အဦးပုံစံနှင့် ဆောက်လုပ်နေမှုများကို ရှင်းလင်းတင်ပြ ခဲ့ကြောင်းသိရသည်။ ထို့နောက် ရွှေဘိုပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်း စုစုပေါင်း(၅)သိန်းကျပ် ထောက်ပံ့ခဲ့ကြောင်းနှင့်၎င်းနောက် ရွှေဘိုမြို့ရှိ မဟာနန္ဒာကန်တော်သို့သွားရောက်၍ ကန်အတွင်းရှိ ရေသိုလှောင်မှု အခြေအနေများ၊ မြို့အတွင်း ရေပေးဝေနေမှု အခြေအနေများကို ကြည်ရှုခဲ့သည်။
ထို့နောက် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာရှိ တိုင်းဒေသကြီးအစီစဉ်ဖြင့်ဆောင်ရွက်သည့် အောင်ချမ်းသာကွင်း၊ ကွင်းအမှတ် ၃၃၁၄ရှိ တောင်သူဦးဝင်းဘို စိုက်ပျိုးထားရှိသည့် ရွှေဘိုပေါ်ဆန်း မိုးစပါးတင်း(၁၀၀)ထွက်ရှိရေး ရွက်ဖျန်းမြေဩဇာ သုံးစွဲမှုသရုပ်ပြပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ သရုပ်ပြပွဲဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ဓာတ်မြေဩဇာဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ဓာတ်မြေဩဇာ လျော့ချ သုံးစွဲနိုင်စေရန်လည်ကောင်း၊ ကုန်ကျစရိတ်နည်းနည်းဖြင့် သီးနှံအထွက်တိုးစေရန်လည်ကောင်း၊ စပါးမှ နိုက်ထရိုဂျင်ဓာတ် တိုက်ရိုက်စားသုံးနိုင်စေအတွက်လည်ကောင်း ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်းက ရွက်ဖျန်းမြေဩဇာ အသုံးပြုပုံများနှင့် အဆိုပါ ရွက်ဖျန်းမြေဩဇာ သုံးစွဲခြင်းကြောင့် မြေဆီလွှာသို့ တိုက်ရိုက်ကြဲပက်ထည့်သွင်းမှု မပြုလုပ်ရသည့်အတွက် လေလွင့်ဆုံးရှုံးမှု လျော့နည်းခြင်း၊ စပါးပင်အရွက် များမှ နိုက်ထရိုဂျင်ဓာတ် တိုက်ရိုက်အသုံးပြုနိုင်ခြင်း၊ ကုန်းကျစရိတ်နည်းနည်းဖြင့် တစ်ဧက အကျိုးမြတ်ပိုမိုရရှိကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။ ၎င်းနောက် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ မျိုးစပါးသန့်စင်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာ တာဝန်ရှိသူတစ်ဦးမှ မျိုးစပါးများ သန့်စင်ပုံအဆင့်ဆင့်နှင့် မျိုးစပါးများ သန့်စင်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)