ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရှမ်းရွာသစ်  စက်တင်ဘာ(၂၇)

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ယနေ့ နံနက်ပိုင်းတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။    

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာနေထိုင်ကြရန်၊ မိမိတို့ အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမ ပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါကပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကိုစနစ် တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ် ကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်း ကြားကြရန်နှင့် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များ အတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)