ဝက်လက် စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုင်နိုင် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာရှိ စပါးမျိုးသန့်စင် စက်ရုံသို့ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝက်လက်မြို့နယ် စိုင်နိုင် စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေး စင်တာတွင် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေး စီမံကိန်း (Agriculture Income Improvement Project – AIIP) က စီစဉ်ဆောင်ရွက်နေသည့် စပါးမျိုးသန့်စင် စက်ရုံနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ စိုက်ပျိုးရေး တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာကြည်တို့က မျိုးစပါး သန့်စင်ပုံနှင့် မျိုးစပါး သန့်စင်ထားရှိမှုကို ပြန်လည် ရှင်းလင်း ဖြေကြားကြကြောင်း သိရသည်။
အဆိုပါ စပါးမျိုးသန့်စင် စက်ရုံသည် ၈ နာရီအတွင်း စပါးတင်းရေ ၄၅၀၀ ခန့်ကို အခြောက်ခံ သန့်စင်နိုင်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင်( ဝက်လက်)