ကော့သောင်း၊ စက်တင်ဘာ ၂၆
ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။
လက်ရှိကူးစက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီးမိသားစုဝင်များ၊ နှင့်အသက်(၁၈)နှစ်ပြည့်ပြီးသူများ ၊ အကြောင်းအကြောင်း ကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံး ပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများအား ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီလီမီတက်၊ စိုက်ပျိုးရေးဇုန်ဖြစ်သည့် (၄၅)မိုင် စမ်းသီတာဆီအုန်း စိုက်ကွက် ဝန်ထမ်းများ၊ စိုက်ပျိုးရေးလုပ်သားများ၊မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
နိုင်ငံတစ်ဝှမ်း အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ် မရှိသေးသော ပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက် ပေးလျှက်ရှိရာ ကော့သောင်းမြို့နယ် အနေဖြင့် ရပ်ကွက်ကျေးရွာများအပါအဝင် စက်ရုံ၊အလုပ်ရုံများ၊ ဝေးလံခေါင်ဖျား စိုက်ပျိုးရေး လုပ်ငန်းခွင်များအထိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ သိရသည်။
ကျော်စိုး (ကော့သောင်း)