ဝါးခယ်မမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်

ဝါးခယ်မ  စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ယနေ့နံနက်(၁၁) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်၊စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီး မှူးဒေါ်အေးအေးမြင့်၊ မြို့နယ် ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်က မိုးစပါးရာသီတွင် အထွက်နှုန်းကောင်းမွန်သော ဆင်းသုခ၊ ပေါ်ဆန်းရင်၊ သီးထပ်ရင် မျိုးစပါးများအား မြို့နယ်အတွင်း ဖြန့်ဝေရောင်းချပေးနိုင်ရေးအတွက် စိုက်ပျိုးပေးကြသော တောင်သူများအားကျေးဇူးတင်စကား ပြောကြား၍မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်သိန်းထွန်းက မြို့နယ်အတွင်း မိုးစပါးမျိုးများအား မျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် အထွက်နှုန်းကောင်းစိုက်စနစ် များနှင့်နည်းပညာများပေးအပ်ခဲ့ပြီး ကွင်းဆင်း စစ်ဆေးခဲ့ရာ တောင်သူ(၂၅)ဦးတို့၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများမှာ စိုက်စနစ်များနှင့်အညီ စိုက်ပျိုးထားကြောင်း တွေ့ရှိရသဖြင့် ယခုကဲ့သို့ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူ(၂၅)ဦးတို့၏ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက စုစုပေါင်း (၂၁၄)ဧကအတွက် (၁)ဧကလျှင် ကောမက်ယူရီယားဓာတ်မြေ ဩဇာ (၀.၅)အိတ်နှုန်းဖြင့် စုစုပေါင်းဓာတ်မြေဩဇာ(၁၀၇)အိတ်အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးမှု (၂၁၃၂၁၆) ဧကဖြစ်ပြီး ဆင်းသုခ၊ ပေါ်ဆန်းရင်၊ သီးထပ်ရင်စသည့် အထွက်နှုန်း ကောင်းမွန်သော စပါးမျိုးများအား အဓိကစိုက်ပျိုး ထားကြောင်းသိရသည်။

စောသန္တာဦး