ကျွန်းလှ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် စားဖိုဆောင် သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ ရရှိကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် ရုံးပတီ (၀ ဒသမ ၁၂) ဧကခန့်စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြဩဇာဖိုး၊ လုပ်အားခ၊ ဆေးဖိုး စုစုပေါင်းငွေကျပ် ၅၀၀၀၀ ခန့် ကုန်ကျပါတယ်။ တစ်ခါကောက်ရင် ၁၃ ပိဿာကျော်ရရှိပြီး တစ်ပိဿာငွေကျပ် ၈၀၀ ရောင်းရပါတယ်။ တစ်နေ့မိသားစုဝင်ငွေကျပ် ၁၀၀၀၀ ကျော်ရရှိပါတယ်ဟု” တောင်သူ ဦးအေးက ပြောပြသည်။
“စားဖိုဆောင်သီးနှံကို ဇွန်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ အထွက်နှုန်း ကောင်းမွန်ရေး၊ GAP နည်းစနစ်ဖြင့်စိုက်ပျိုးရေး၊ ဘေးအန္တရာယ် ကင်းရှင်းသော သီးနှံရရှိစေရန် သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးနှင့် သဘာဝမြေဩဇာသုံးစွဲရေး တို့ကိုအသိပညာပေးလျက်ရှိကြောင်း၊ မျိုးစေ့များထောက်ပံ့ပေးကြောင်း မြိုနယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
ကျွန်းလှမြိုနယ်တွင် ယခုနှစ် စားဖိုဆောင်သီးနှံ စိုက်ပျိုးမှု အနေဖြင့် နံနံ၊ ဗူး၊ ဖရုံ၊ ခရမ်းသီး၊ မုံလာဥ၊ ဂေါ်ဖီထုတ်၊ မုံ့ညှင်း၊ ခဝဲ၊ ရုံးပတီ၊ ကန်ဇွန်း စုစုပေါင်း ၂၈၀၀ ဧကကျော်စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ