ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသည့် (၈၈၂)ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆားလင်းကြီး စက်တင်ဘာ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinophram) ထိုးနှံရန်ကျန်ရှိနေ သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၂၁)ရက်မြောက်နေ့အဖြစ် ယနေ့နံနက် ၈နာရီ အချိန်က သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတွင်   မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram)ကို ဩဂုတ်လ အတွင်းက ပထမအကြိမ်အဖြစ် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစားပေးအုပ်စုအလိုက် လူဦးရေ (၆၁၀၄)ဦးကို အောင်မြင်စွာထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ကို စက်တင်ဘာ ၅ ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် (၈၈၂)ဦးအား သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံပေးခဲ့ရာ ယနေ့တွင် လူဦးရေ(၄၀၄)ဦး ထိုးနှံပေးခဲ့သဖြင့် စုစုပေါင်း လူဦးရေ(၅၆၂၆)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် (၄၇၈)ဦးအား သတ်မှတ်ရက်များအတိုင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ် ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက်  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ဥမ္မာခိုင်