ပိုင်ကျုံ စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူသို့ အသိပေးပန်ကြားချက်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ချက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ပိုမိုသိရှိစေရန်ရည်ရွယ်၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ပါ။
သို့မှာသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသောကာကွယ်ဆေးများကိုမိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီး သော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါစသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး နောက်ဆောင်ရန်၊ ရှောင်အချက်များအား အသိပေးနှိုးဆော်ချက်များ ကြေညာပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ