ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသူများအား ဆက်လက်ထိုးနှံပေး

ပွင့်ဖြူ  စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက် ၉ နာရီက စတင်ကာ ဆေးထိုးစုရပ်(၄)နေရာတွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစုလူဝေး မဖြစ်စေရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၂၀၁ ဦး ရှိကြောင်း သိရသည်။  ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက်ကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသူများအား သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ကာကွယ်ဆေး လာရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့နယ်မြေအလိုက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရပြီး  ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၂၇၄၅ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ  သိရသည်။  

ရဲဝင်းနိုင်