အုတ်တွင်း စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း အသိပညာပေးခြင်း (ဆင့်ပွား) သင်တန်းအား စီမံကိန်းကျေးရွာ (၁၇)ရွာမှ ကော်မတီဝင်(၅၉)ဦးတို့အား Video Conferencing ဖြင့် (၅)ရက်ကြာ သင်တန်းပို့ချခဲ့မှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းနှင့် ဝန်ထမ်းများ စက်တင်ဘာ(၁၃)ရက်နေ့မှ စက်တင်ဘာ(၁၈)ရက်နေ့ထိ Video Conferencing ဖြင့် သင်ကြား ပို့ချပေးခဲ့ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ စီမံကိန်းလုပ်ငန်းများ ထိရောက် အောင်မြင်စေရန်အတွက် ကျေးရွာလူထုကို လှုံ့ဆော်စည်းရုံးလာနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းသို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP (၉)ရွာမှ ကော်မတီဝင်(၃၂)ဦး၊ မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၆)ရွာမှ ကော်မတီဝင်များ (၂၀)ဦး၊ ရေပေးရေးလုပ်ငန်း ဆောင်ရွက်သောကျေးရွာ (၂)ရွာမှ ကော်မတီဝင်(၇)ဦး၊ စုစုပေါင်း စီမံကိန်းကျေးရွာ (၁၇)ရွာမှ ကော်မတီဝင်(၅၉)တို့အား သင်တန်းပို့ချခဲ့မှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း၊ သင်တန်းလက်စွဲစာစောင်များ ပေးအပ်ခြင်း၊ သင်တန်းထောက်ပံ့ကြေး ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ