အုတ်ဖို စက်တင်ဘာ ၂၆
ပဲခူးတိုင်းသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ OSS ရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်း လုပ်ငန်းများကို တနေရာတည်းတွင် နေချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများကလည်း သွေးအမျိုးအစား စစ်ဆေးပေးခြင်း လုပ်ငန်းများကို လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲဝင်များက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)