မယ်စဲ့ မတ် ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၂ ထပ် တည်ဆောက်ခြင်းလုပ်ငန်း၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၂ ထပ် တည်ဆောက်ခြင်းလုပ်ငန်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ၄ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်း၊ မန်းဘခိုင်လမ်း အရှည် ၆၆၆ ပေ အကျယ် ၁၂ ပေ ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး (၃၀×၆၀) ပေ RC တစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီ အသီးသီးမှ တာဝန်ယူ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့သည်။
ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် မာလာဖူးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် လျက်ရှိသော ဟိုဂျစ်-တောင်လှ အရှည်(၅/၄)မိုင် မြေသားလမ်းပေါ်တွင် (၁၀)ပေ ကွန်ကရစ် တံတား တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် (၅၀)ပေ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ အောင်ဖူးသူကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ဟိုဂျစ်-တောင်လှ အရှည်(၁၀/၄)မိုင်ရှိသည့်အနက် ဖောက်လုပ်ရန် ကျန်ရှိသည့် အရှည်(၅/၄)မိုင် မြေသာလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိ သူများအား လုပ်ငန်းများ အရည်အသွေး ပြည့်ဝစွာဖြင့် သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန်မှာကြားသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် တောင်လှကျေးရွာ ပြည်သူလူထုနှင့် တွေ့ဆုံ၍ ပြည်သူ၏ လိုအပ်ချက်များကို တင်ပြစေလိုကြောင်း ပြောကြားရာ ဒေသခံပြည်သူများမှ ကျေးရွာတွင်း လမ်း၊ လျှစ်စစ်မီးရရှိရေးနှင့် မှတ်ပုံတင်ရရှိရေးတို့ကို တင်ပြမေးမြန်းမှု အပေါ် မြို့နယ် အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ နယ်စွန်နယ်ဖျားက ကျေးရွာတွေ အနေနဲ့ အရင်တုန်က အိမ်မက်တွေတောင် မမက်ခဲ့တဲ့ ကျေးရွာချင်းဆက် လမ်းတွေ၊ တံတားတွေ ဖောက်လုပ်ပေးတဲ့အတွက် အလွန်ကို ဝမ်းသာရပါတယ်။ တစ်ရွာနဲ့တစ်ရွာ ကူးလူးဆက်ဆံမှု အဆင်ပြေချောမွေ့လာတဲ့အတွက် နိုင်ငံတော် အစိုးရနဲ့ သက်ဆိုင်ရာဌာနကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု တောင်လှကျေးရွာ ပြည်သူ တစ်ဦးက ပြောကြားသည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံ ငွေဖြင့် မာလာဖူး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ပန်တိန်းကျေးရွာ လယ်ယာ ကုန်ထုတ် လမ်း အရှည်(၂/၄)မိုင် ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် (၅×၂၄)ပေ Box Culvert (၈)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ဝတ်ရည်(ပြန်/ဆက်)