ပခုက္ကူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့နေရ သည့် ကျွန်းညိုရွာ သစ်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က စားနပ်ရိက္ခာနှင့် ကျန်းမာရေးသုံး ပစ္စည်းများ စုပေါင်း ထောက်ပံ့ လှူဒါန်းကြသည်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး စက်တင်ဘာ ၂၂ ရက်၌ ပြောင်းရွှေ့နေရသည့် ပခုက္ကူမြို့နယ်၊ ကျွန်းညို ရွာသစ်ကျေးရွာရှိ အိမ်ခြေ ၄၂စုနှင့် လူဦးရေ ၁၇၂ဦးတို့အတွက် ပခုက္ကူမြို့၊ မျိုးသန့် Mobile Phone အရောင်းဆိုင်၊ MPT Sim Card ဖြန့်ချိရေးနှင့် ကုန်ပစ္စည်းမျိုးစုံ ဖြန့်ချိရေး လုပ်ငန်းစုတို့၏ မတည်လှူဒါန်းမှုဖြင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းကာ အိမ်ခြေတစ်ခု လျှင် ဆန်သုံးပြည်၊ ကြက်ဥ ၁၀လုံး၊ ဆီ ၂၅ကျပ်သား၊ ဆား ၂၅ ကျပ်သားနှင့် ဘီစကစ်မုန့်တစ်ထုပ်၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ၅၀ ခုပါတစ်ထုပ်၊ လက်သန့်ဆေးရည် တစ်ဗူး၊ ဆပ်ပြာတစ်ခဲ၊ အချိုရည် ဘူးကြီးတို့ကို လှူဒါန်းကြသည်။
ပခုက္ကူမြို့နယ်၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် အိမ်ခြေ ၁၈၀ အိမ်၊ အိမ်ထောင်စု ၁၉၂ စုနှင့် လူဦးရေ ၈၀၀ ဦးရှိပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အိမ်ခြေ ၄၂အိမ်ရှိ ပြည်သူ ၁၇၂ ဦးတို့မှာ နေအိမ်များ ကြိုတင်ဖျက်သိမ်းပြီး ရေလွတ်ရာ နေရာသို့ ယာယီပြောင်းရွှေ့ ရကြောင်း၊ ထိုသို့ယာယီပြောင်းရွှေ့ရသည့် ရေဘေးသင့်ပြည်သူ (၁၇၂) ဦးတို့မှာ နီးစပ်ရာဆွေမျိုး နေအိမ်တွင်သာ မှီခိုနေထိုင်ကြရကြောင်း၊ ပြောင်းရွှေ့ရသည့် လူနေအိမ်များတွက် ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တစ်အိမ်လျှင် ငွေကျပ်တစ်သိန်း၊ ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး တစ်ပတ်စာ ငွေကျပ်၂၁၀၀ နှုန်းတို့ဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် လာရောက် ထောက်ပံ့ခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်သန်းက ပြောသည်။
ဆလိုင်းကိုကီး