မြို့သစ် စက်တင်ဘာ ၂၆
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးရွာသွန်းမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပြီး ယမန်နေ့ နံနက်ပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် သရက်ခွကျေးရွာအနီးရှိ နေပြည်တော်- တောင်ညို - မြို့သစ်-ကံပြား (မကွေး) လမ်းမိုင်တိုင် ၃၃/၁နှင့်၃၃/၂ ကြားရှိ တံတား အမှတ်၂/၃၄ သရက်ခွချောင်းတံတားတွင် ကမ်းကပ်ခုံနှစ်ဘက်၏ အောက်မြေသားများအား ရေတိုက်စား မှုကြောင့် မြေဘောင်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါနေရာသို့ မြို့သစ်မြို့နယ်ရှိ လမ်းတံတားဦးစီးဌာနက တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးကာ ခရီးသွား ပြည်သူများ၏ ယာဉ်သွားလာမှု ယာဉ်အန္တရာယ် ကင်းဝေး စေရန်နှင့် သွားလာမှု အခက်အခဲမရှိစေရန်အတွက် မြေဖို့ခြင်း၊ သံအိတ်များ စီချခြင်းများကို အချိန်နှင့်တစ်ပြေးညီ ယာဉ်သွားလာမှု မပြတ်တောက်စေရန် ဆောင်ရွက်ခဲ့သည်။
ထိုသို့ မြေဖိခြင်း၊ သဲအိတ်ချခြင်းများ ဆောင်ရွက်ခြင်းကြောင့် နေပြည်တော်-တောင်ညို-မြို့သစ်- ကံပြား- မကွေးလမ်းပိုင်းသို့ သွားလာသည့် ခရီးသွားမိဘပြည်သူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းဝေးစေရန် မြို့နယ်လမ်းတံတားဦးစီးဌာန တာဝန်ရှိ သူများနှင့် ဝန်ထမ်း များက အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇော်