ပွင့်ဖြူ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများရှိနေပြီး တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ (၄ ဒသမ ၇)ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းကစပြီး ယနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများရှိခဲ့ပြီး တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ ရေကျော်ကျမှု ရှိနေကာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ (၄ ဒသမ ၇) ပေခန့် ဆက်လက်ရေကျော်ကျနေကြောင်း သိရသည်။ အဆိုပါ တမံရေပိုလွှဲမှ ရေကျော်မှုအခြေအနေအား တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်ရန် အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ထားရှိကြောင်းနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသေးကြောင်း ကြီးအုံကြီးဝတမံမှ တာဝန်ခံ (AE) ဦးစိုးတင့် က ပြောသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်၍ ပြည်သူများအား ကြိုတင်အသိပေး နှိုးဆော်ခြင်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေပိုလွှဲမှ ရေစတင်ကျော်မှုအား အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင် အလံ သတ်မှတ်ထားရှိကြောင်း ၊ ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် Maximum High Flood Level သို့ ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ် အခြေအနေအဆင့်(၂)အဖြစ် အဝါရောင်အလံ သတ်မှတ်ထားရှိကြောင်း ၊ ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ Maximum High Flood Level ထက် ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေ ဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ် အခြေအနေအဆင့်(၃)အဖြစ် အနီရောင်အလံ သတ်မှတ်ထားရှိကြောင်း ၊ ပြည်သူများ သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေးအတွက် တမံအခြေအနေနှင့် တမံအတွင်း ရေဝင်ရောက်မှုများကို ဝန်ထမ်းများ အလှည့်ကျ ရေကင်းချထား၍ စောင့်ကြည့်လျက်ရှိပြီး ထူးခြားမှု အခြေအနေရှိလာပါက ဒေသခံပြည်သူများကို အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ရဲဝင်းနိုင်