စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ထီးချိုင့်မြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး

မုံရွာ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ကသာခရိုင်၊ ထီးချိုင့်မြို့ရှိ  ရွှေသင်္ဂဇာကျောင်းတိုက်၊ ဘဒ္ဒန္တသုန္ဒရ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ထီးချိုင့်မြို့၊ ရွှေပြည်သာခန်းမတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေး အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး ထီးချိုင့်မြို့နယ်၊ ယာယီရဲတပ်ဖွဲ့မှူးမှ နယ်မြေအခြေအနေနှင့် လုံခြုံရေး ဆိုင်ရာများကို လည်းကောင်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ထီးချိုင့်မြို့နယ် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားကြသည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ထောက်ပံ့ ငွေ၊ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးများ၊ Concentator များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံတောင်သူများအတွက် ဓာတ်မြေသြဇာနှင့် ပိုးသက်ဆေးများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ထီးချိုင့်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ထီးချိုင့်မြို့ ပြည်သူ့ဆေးရုံကြီးတွင်  တာဝန် ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေး ဆောင်ရွက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းဦး