ထီးချိုင့် စက်တင်ဘာလ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း အဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်က ထီးချိုင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရွှေပြည်သာခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
ယင်းတွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရအဖွဲ့ဝင်အနေဖြင့် တာဝန်ယူဆောင်ရွက်ရသည့်ကာလအတွင်း ထီးချိုင့်မြို့နယ်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့်လုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများကို သိရှိနိုင်ရန်၊ လုပ်ငန်းလိုအပ်ချက်များကို လျှင်မြန်စွာဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ယခုလိုလာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များတင်ပြရာတွင် အခက်အခဲများနှင့် ဆောင်ရွက်မှုအခြေအနေများကို အရှိတိုင်းတင်ပြစေလိုကြောင်း၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ ဌာနအလိုက်ဆောင်ရွက် နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးတင်ပြပြီး မြို့နယ်ရဲတပ် ဖွဲ့မှူးယာယီရဲမှူးပြေဦးမှ လုံခြုံရေးကိစ္စရပ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သံယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန် ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများက တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင် ရွက်ချက်များနှင့် ထီးချိုင့်မြို့နယ်အတွင်း ဆောင်ရွက်ရမည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေး ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်မှ ထောက်ပံ့ငွေ (၁၀) သိန်းကျပ်၊ အောက်ဆီဂျင်အိုးများနှင့် Concentrator များပေးအပ်ခြင်း၊ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ကျန်းမာရေးပစ္စည်းများပေးအပ်ခြင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းမှ စားသောက် ဖွယ်ရာ များပေးအပ်ခြင်း၊ လူမှုရေးရာဝန်ကြီးဦးအေးလှိုင်မှ အားကစားပစ္စည်းများပေးအပ်ခြင်း၊ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်မှ စားသောက်ဖွယ်ရာများပေးအပ်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှုး ဦးဝင်းလှိုင်ဦးမှ မြေဆီ၊ ရွက်ဖြန်း မြေဩဇာ၊ ဆေးဖြန်းပုံးများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိဂုံးချုပ်အမှာ စကားပြော ကြားခဲ့ပြီးနောက် တက်ရောက်လာ သောဌာနဆိုင်ရာအကြီးအကဲများအား ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ခဲ့ပါသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြံရွက်ခြောက်မြေဩဇာပြုလုပ်နည်းသရုပ်ပြဆောင်ရွက်ထားခြင်းကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
ရဲလင်းထွန်း (ထီးချိုင့်)