ကမမောင်းမြို့အနီးရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ကြစေရေး စကောကရင်၊ မြန်မာဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ကမမောင်း စက်တင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြစေရေးအတွက် မြန်မာဘာသာအပြင် စကောကရင်ဘာသာ​ဖြင့်ပါ အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင် စပီကာအသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၁၀ နာရီအချိန်က မြို့နှင့်နီးသည့် ကျေးရွာများသို့ သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လက်ရှိအခြေအနေတွင် အရေးအကြီးဆုံးအချက်မှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မဖြစ်မနေအိမ်ပြင်ပသို့ ထွက်ခွာမည် ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်များ၏ နေအိမ်ပြင်ပထွက်ခွာသည့် လက်မှတ်ဖြင့် တစ်အိမ်ထောင်လျှင် မိသားစုဝင်တစ်ဦးသာ သွားလာကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှ လာသောဧည့်သည်များကို လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြပါရန် (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ် ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်း ဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက် ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုး မပြုလုပ်ရန်၊ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်နှင့် မိမိနှင့် မိမိတို့မိသားစုများအတွက် မဖြစ်မနေ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ ဆေးထိုး စုရပ်များနှင့် ဆေးထိုးရမည့်နေ့ရက်များကို အသိပေး တိုက်တွန်း နှိုးဆော်ခဲ့ ကြသည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံကြစေရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ပတ်ဝန်းကျင် ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လင်းသန့်