ခင်ဦး စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာအုပ်စု၊ တမုတ်ကျေးရွာတွင် ယနေ့ရက်နေ့က ကြံစိုက်တောင်သူ ဦးကြည်နှင်း၏ ကြံစိုက်ခင်းတွင် ကြံရွက်ခြောက်ဖြင့် EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်နည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများက လက်တွေ့ကွင်းဆင်းသရုပ်ပြ ဆောင်ရွက် ခဲ့သည်။
ထိုသို့မြေဆွေးပုံပြုလုပ်ရာတွင် EM ဘိုကာရှီ တစ်လီတာ၊ တင်းလဲရည် တစ်လီတာကို ရေဂါလံ (၂၀) ဖြင့် ဖော်စပ်ပြီး ကြံရွက်ခြောက် တစ်ပုံစာအတွက် အသုံးပြုရသည်။ ကြံရွက်ခြောက် EM ဘိုကာရှီ တစ်ပုံပြုလုပ်ရာတွင် အလျား (၆) ပေ၊ အနံ (၄) ပေ၊ အမြင့် (၃) ပေထိရောက်အောင် (၆) လက်မထု တစ်လွှာချင်းစီကို ဖွဲနု၊ နွားချေးခြောက်မှုန့် တို့ဖြူးပြီး EM ဘိုကာရှီ ဖျော်ရည်ကို ရွဲနေအောင်လောင်းပေးရသည်။ ဤကဲ့သို့ (၆) လက်မထု (၆) လွှာဖြစ်အောင်ပြုလုပ်ပြီးနောက် ရေရွဲအောင်လောင်းပြီး ပလပ်စတစ်ဖြင့် လုံအောင်ဖုံးအုပ်ပေးထား၍ သုံးရက် လေးရက်ကြာလျှင် ပလပ်စတစ် အောက်သို့ လက်ဖြင့် စမ်းကြည့်ပါက ပူနေလျှင် ရေထပ်မံလောင်းပေး၍ ပလပ်စတစ်ကို လုံအောင် ပြန်ဖုံးအုပ်ပေးရမည်။
အဆိုပါ မြေဆွေးပုံ တစ်လမှ တစ်လခွဲ ကြာလျှင် စတင်အသုံးပြု၍ ရပြီး တစ်ဧကလျှင် မြေဆွေးပုံ (၅) ပုံမှ (၇) ပုံထိ ထည့်သွင်းအသုံးပြုနိုင်သည်။
မြေဆွေးပုံကို နှစ်စဉ်ပြုလုပ်သုံးစွဲသွားပါက မြေဆီလွှာအာဟာရဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး သီးနှံအထွက်တိုးနှုန်း မြင့်တက်လာမှာဖြစ်ကြောင်း ကြံရွက်ခြောက်တွင် နိုက်ထရိုဂျင် ၀ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဖော့စပရစ် ၀ ဒသမ ၁၃ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၀ ဒသမ ၆၅ ရာခိုင်နှုန်း ပါဝင်ကြောင်း ခင်ဦးမြို့နယ်တွင် ကြံအခင်းသစ် (၄၃၉) ဧက၊ ကြံလမိုင်း (၇၇၆၀) ဧက စုစုပေါင်း (၈၁၉၉) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင် ၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်