မြို့သစ် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော် ကျလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ရေပြည့်အမှတ်ထက် ကျော်လွန်၍ရေပိုလွှဲမှ ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၆ ဒသမ ၈၀)ပေ ရှိသည့်အတွက် ရေပြည့်အမှတ်ထက်( ၁ ဒသမ ၈ပေခန့်) ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည်( ၅၆၀ ဒသမ ၅၀ )ပေဖြစ်ကာ လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၄၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၁ ဒသမ ၉ပေခန့်) ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း သိရသည်။
ဆဒ္ဒန်ဆည်နှင့် စွန်ဆည်၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင် ကောင်းမွန်၍ (၂၄)နာရီရေကင်းတာဝန်ချထားပြီး ဆည်အနီးအနားရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန်