စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ကသာခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံ

ကသာ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ နံနက် (၉) နာရီအချိန်က ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အား ကသာမြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ယင်းတွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်ရသည့် အချိန်ကာလအတွင်း၌ ကသာခရိုင် အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ တွင် တွေ့ကြုံရသည့် အခက်အခဲ များကို သိရှိနိုင်ရန်၊ လုပ်ငန်းလိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်နှင့် ဒေသအတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကသာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ယခုလိုလာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများအနေဖြင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြရာတွင် မြေပြင်ရှိ အခက်အခဲများနှင့် ဆောင်ရွက်မှုအခြေအနေများကို အရှိတိုင်းတင်ပြစေလိုကြောင်း စသည့်လုပ်ငန်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲ များက တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကသာခရိုင်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကသာခရိုင်အတွင်း ဌာနအလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း လိုအပ်ချက်များ စသည့်လုပ်ငန်းအကြောင်းအရာများကို တင်ပြကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်၊ ဝန်ကြီးများက ငွေကျပ်(၁၀)သိန်း၊ အောက်ဆီဂျင်အိုးများ၊ Concentrator များ၊ PPE ဝတ်စုံများ၊ အားကစားပစ္စည်းများနှင့် အစားအသောက်ပစ္စည်းများကို တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့ သည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရိုင်အဆင့်ဌာန ဆိုင်ရာများမှ ဒေသအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြမှုအပေါ် ပြန်လည်သုံးသပ်ရှင်းလင်း ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲ အခမ်းအနားသို့ ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။