မုံရွာမြို့နယ်တွင် ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး ‌(Sinopharm) အားလုံးထိုးနှံပြီးစီး

မုံရွာ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အားလုံး ထိုးနှံပြီးစီးကြောင်း မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအသုတ် ပထမ အကြိမ် ထိုးနှံပြီးစီးသူများကို ဂုတ်လ၃၁ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ ယမန်နေ့ နောက်ဆုံးအဖြစ်  တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမတွင် ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အသက်(၁၈)နှစ် ပြည့်ပြီး ရဟန်းသံဃာများနှင့် သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေး/ဘဏ် ဝန်ထမ်းများ၊ စက်မှု လက်မှုလုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများမှ လုပ်ငန်းရှင်နှင့် အလုပ်သမားများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုအောက်ရှိ ဈေးသူဈေးသားများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ   အသင်းသူအသင်းသားများနှင့်   ကျေးရွာစုစုပေါင်း (၁၇)ရွာတို့မှ   ပြည်သူများအား  ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများ  ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး မုံရွာမြို့နယ်တွင် ယနေ့အထိ ပြည်သူ (၁၂၅၀၈) ဦးအား ပထမအသုတ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး ‌(Sinopharm) ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

(ထိန်လင်း-မုံရွာ)