မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

မုံရွာ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးစိုးဝင်းက ကိုဗစ်-၁၉ရောဂါအကြောင်း သိကောင်းစရာ Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးပြီး မုံရွာမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ရွှေရည်စိုးက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာ အသိပညာပေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန် ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေး အသိပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး‌ဒေါက်တာ သန်းနိုင် စိုးနှင့် ဆောင်းပါးရှင် တက်လျှံတို့၏ တွေ့ဆုံမေးမြန်းခန်းအကြောင်း၊ ကိုဗစ်-၁၉ရောဂါပိုးအစ၊ မျိုးဗီဇ ပြောင်းလဲပုံ အကြောင်းနှင့် လူသားတို့ လိုက်နာရှောင်ကျဉ်ရမည့် အချက်များ၊ မျိုးဗီဇပြောင်း ကူးစက်မှုနှုန်း၊ ဓာတ်ခွဲပညာရှင်များ၊ သုတေသနပညာရှင်များ တွေ့ရှိထုတ်ပြန်ချက်များ အကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်နေမှုများအကြောင်းကို စာရေးဆရာရွှေရည်စိုးက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုအသိပညာပေး Talk Show အစီအစဉ်ကို မုံရွာခရိုင် ပြန်ဆက်ရုံး၏ We Love Monywa Facebook Page လူမှုကွန်ယက်တွင် ဆက်လက်လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

(ထိန်လင်း-မုံရွာ)