တနင်္သာရီတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းအား ကူညီပံ့ပိုးပေးနိုင်ရန် စေတနာ့ဝန်ထမ်း သင်တန်းပို့ဖွင့်လှစ်

တနင်္သာရီ စက်တင်ဘာလ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ တနင်္သာရီမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများက ပြည်သူများအား မြေပြင်တွင် မှန်ကန်သည့် ကူညီပံ့ပိုးမှုများ ပေးနိုင်ရန်အတွက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေး ခန်းမအတွင်း ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြိတ်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစီးအရာရှိ ဒေါ်ခိုင်သီရိမျိုးနှင့် ဝန်ထမ်း၊ မြို့နယ်ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန် ဒေါက်တာနွေးဟေမာသင်းနှင့် စေတနာ့ဝန်ထမ်း သင်တန်းသား(၃၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

၎င်းသင်တန်းအား စေတနာ့ဝန်ထမ်းများအနေဖြင့် ပြည်သူများအား စိတ်လူမှုဆက်ဆံရေးဆိုင်ရာ ထောက်ပံ့ကူညီပေးနိုင်ရန်၊ မလိုလားအပ်သော လူမှုဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးရန်၊ သဘာဝဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့ရသူများ၏ ဘဝအခြေအနေကို မြှင့်တင်ပေးရန်နှင့် ဘေးအန္တရာယ်မျိုးစုံ ကျရောက်ခံရနိုင်ချေ ရှိနေသူများအား ဆုံးရှုံးနိုင်ချေအလိုက် ထောက်ပံ့ ကူညီပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရှိသည်။

ဖွင့်ပွဲတွင် ရှေးဦးစွာ တနင်္သာရီမြို့နယ် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအနေဖြင့် ရောဂါကာ ကွယ်ထိန်း ချုပ်ရေးဆိုင်ရာ အခြေခံအချက်အလက်များကို ပိုမိုသိရှိပြီး မြေပြင်တွင် မှန်ကန်သည့် ကူညီပံ့ပိုးမှု များ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်း၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ် ရပ်ကွက်နှင့် သဲဖြူကျေးရွာတို့မှ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြ၍ သင်တန်းတွင် COVID-19 ရောဂါ တုံ့ပြန်ဆောင်ရွက်ရာမှာ စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု အသိပညာပေး ဆွေးနွေးခြင်း ဘာသာရပ်များအား ဒေါက်တာနွေးဟေမာသင်း၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်သီရိမျိုးနှင့် ဦးစီးမှူး ဒေါ်သီသီအေးတို့က ဆွေးနွေး သင်ကြားပေးမည်ဖြစ်၍ သင်တန်းကာလမှာ တစ်ရက်တာပင်ဖြစ်ကြောင်း မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း