ဗန်းမောက် စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ အများပြည်သူများအား ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ အသိပညာရရှိစေရန် ယမန်နေ့ နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ခန်းမရှေ့ အများပြည်သူ အသွားအလာများသည့်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များအား မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းဖြင့် ပြည်သူများ၏ လက်ဝယ်ရောက်ရှိကာ မှတ်ပုံတင်၏ အသုံးဝင်ပုံ၊ မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း၊ မှတ်ပုံတင်ပျက်စီးပျောက်ဆုံး အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုဆိုင်ရာ မွေးဖွားသေဆုံး အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူများ ပြန်လည်ပြုလုပ်လိုပါက ပြုလုပ်၍ ရပါကြောင်းနှင့် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသလို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရုံး၌ပါ နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းကို သိရှိနိုင်စေရန်နှင့် ယနေ့လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည့် နေရာ၌လည်း ပန်းခင်းစီမံချက် အသိပညာပေး သီချင်းများနှင့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး ပြောကြားချက်များကိုပါ အသံချဲစက်များဖြင့် ဖွင့်လှစ်ထားရှိပေးခဲ့တာ ဖြစ်ကြောင်း၊ မိမိတို့ရရှိနိုင်မည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ လျှောက်ထား ကိုင်ဆောင်ကြရန် လိုအပ်ပါကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်း က ပြောသည်။
မေသူဟန်