ငဖဲ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည် ရေလှောင်တမံရှိ သည့်အနက် မန်းချောင်းရေလှောင်တမံသည် ယနေ့ နံနက် ၁၀ နာရီအချိန်တိုင်းတွာ ချက်အရ ဆည်ရေပြည့် အမှတ် (R.L 625)Ft ရှိရာမှ (R.L 625.8)Ft သို့ရောက်ရှိပြီး ပင်မရေပိုလွှဲမှ (၀.၈)ပေ အမြင့်အဖြစ် စတင် ရေကျော်လျက်ရှိပြီး ရင်းရှည်ရေလှောင်တမံသည် ဆည်ရေပြည့်အမှတ် (RL 602)Ft ရှိရာမှ (R.L 602.3)Ft သို့ရောက်ရှိပြီး ရေပိုလွှဲမှ (၀.၃)ပေ အမြင့်ဖြင့် ရေကျော်ကျနေ၍ အရေးပေါ်အခြေအနေအဖြစ် အစိမ်းရောင် အလံလွှင့်ထူ၍ ပြည်သူများအား အသိပေးနှိုးဆော်ဆောင်ရွက်ထားရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူးဦးအောင်ကိုဦးထံမှ သိရသည်။
ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ အတွင်းရေပြည့်မှတ် ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်မှုများ ရှိနေသော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်ရန် အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများ တွင်လည်းကောင်း၊ မန်းချောင်းဘေးရှိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲများတွင် လည်းကောင်း အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ထားရှိသည်။
ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ နှစ်စဉ်ပင်မရေပိုလွှဲမှ ရေကျော်လေ့ရှိ၍ ယခုနှစ် ဩဂုတ်လ ၁၃ ရက် နေ့တွင် (၀.၈)ပေ အထိမြင့်တက်၍ ရေကျော်ကျခဲ့မှုရှိခဲ့ပြီး ယနေ့တွင်လည်း (၀.၈)ပေအမြင့်နှင့် ရင်းရှည် ရေလှောင်တမံမှ (၀.၃)ပေ အမြင့်ရေကျော်ကျနေ၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာ အခြေအနေ မရှိကြောင်း၊ စက်တင်ဘာလ စတုတ္တပတ်အတွင်း မိုးရွာသွန်းမှုများခဲ့သည့်အတွက် ရင်းရှည်ဆည်နှင့် မန်းဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေအဆက်မပြတ်ဝင်ရောက်မှုကြောင့် ရေပိုလွှဲမှ ရေကျော်ကျ ခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကင်းဝေးနိုင်ရေးအတွက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်အရ ပြည်သူများ သိရှိနိုင်ရန် အသိပေးနှိုးဆော်ထားရှိကြောင်း၊တမံ၊ ရေထုတ်ပြွန် နှင့်ဆက်စပ် အဆောက်အဦများ အားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်းနှင့် (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)