ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ

မြိတ် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်၍ ပိုးတွေ့ရှိမှုများပြားခဲ့ပြီး သေဆုံးမှုများ ရှိခဲ့ရာ Stay at Home မြို့နယ်အဖြစ် ဩဂုတ်လတွင် သတ်မှတ်ခဲ့၍ စည်းကမ်းသတ်မှတ်ချက်များဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြရာ လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိသူ လျော့နည်းလာခဲ့ပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 မြိတ်မြို့နယ်အနေဖြင့် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ(၂,၂၇၉)ဦးရှိခဲ့ပြီး ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၊ အထောက်အကူပြုကော်မတီနှင့် ပရဟိတအဖွဲ့များဖြင့် ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများနှင့် ရောဂါပိုးတွေ့ရှိသူများကို ကျန်မာရေးဝန်ထမ်းများမှ ကိုဗစ်စင်တာများဖြင့် ကျန်းမာရေးစောင့် ရှောက်ကုသဆောင်ရွက်ပေးခဲ့သဖြင့် လက်ရှိအချိန်၌ ရောဂါပိုးတွေ့၍ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသူ (၉၂)ဦးရှိပြီး ‌ရောဂါသက်သာ၍ ဆေးရုံဆင်း(၁,၉၉၁)ဦးရှိခဲ့ရာ ရောဂါသက်သာပျောက်ကင်း၍  ဆေးရုံဆင်းခွင့်ရသူ နှစ်ဦးမှ တွေ့ကြုံခံစားရမှုအား ယခုလို ပြောကြားခဲ့သည်။

ဒေါ်ထိပ်ထားဝင်း (မြိတ်တောင်ကျေးရွာ)

ကျွန်မရဲ့အမည်က ဒေါ်ထိပ်ထားဝင်းဖြစ်ပါတယ်။ အသက်က(၄၂)နှစ်ရှိပါပြီ။ မြိတ်တောင်ကျေးရွာမှာ နေပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ အိမ်မှာနေရင်းနဲ့ ကိုယ်လက်မအီမသာဖြစ်၍ နေမကောင်းချင် ဖြစ်လို့ စိုးရိမ်ပြီးဆေးရုံမှာ ကိုဗစ် ရှိ/မရှိ သွားစစ်ခဲ့ပါတာ ရောဂါပိုးရှိနေတာ သိခဲ့ရပါတယ်။ ရောဂါပိုးရှိတာ သိတဲ့အချိန်မှာ စိုးရိမ် စိတ်တွေများစွာ ဖြစ်ခဲ့ပါတယ်။ မိသားစုအတွက် ပူပန်ခဲ့တယ်။ အမေအိုနဲ့ ကလေးတွေလည်းရှိတော့ သူတို့အတွက်ပူပန်ပြီး သွေးတိုးတွေပါတက်ခဲ့ပါတယ်။ ရောဂါပိုးရှိခဲ့လို့ ဆေးရုံးဆင်းချိန် ပတ်ဝန်းကျင်ကသူတွေ အမြင်မကြည်ဖြစ်မှာ စိုးရိမ်ပြီး အရမ်းတုန်လှုပ်ခဲ့ရပါတယ်။

ရောဂါပိုးတွေ့ရှိလို့ ဆေးရုံမှာပဲ ဆေးကုသမှုခံယူပါတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ပရိတ်/တရား တွေနာယူပြီး ပုံမှန်လေ့ကျင့်ခန်းတွေလည်းလုပ်ခဲ့ပါတယ်။ ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ခဲ့ရပါတယ်။ ဆေးရုံမှာနေတဲ့ အချိန် အနံ့ပျောက်တာ ဖျားတာဖြစ်ခဲ့ပြီး ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါဘူး။ စိုးရိမ်မှုတော့ရှိခဲ့ပါတယ်။ ပေးထားတဲ့ဆေးတွေ မှန်အောင်သောက်ခဲ့လို့ ကျန်းမာ လာခဲ့ပါတယ်။ ဆေးရုံဆင်းတဲ့အခါ စားသောက်နေထိုင်တာ ဂရုစိုက်ခဲ့ပါတယ်။ အခုဆိုရင် ကာကွယ်ဆေးလည်း နှစ်ကြိမ်ထိုးထားပြီးပါပြီ။ ဆေးထိုးပြီးလည်း ကိုဗစ် ကာကွယ်ရေးလမ်း ညွှန်ချက်တွေနဲ့အညီ နေထိုင်စားသောက်ပါတယ်။ ဒါကြောင့် အားလုံးကို ကာကွယ်ဆေးထိုးကြပါလို့ တိုက်တွန်း လိုပါတယ်။  

ဦးခင်မောင်ဦး (မြိတ်တောင်ရပ်ကွက်)

ကျွန်တော်ကတော့ ခင်မောင်ဦး ဖြစ်ပါတယ်။ မြိတ်တောင်ရပ်ကွက်မှာနေပါတယ်။ ကိုဗစ် တတိယလှိုင်းမှာ အနံပျောက်လို့ ဆေးရုံမှာ ကိုဗစ်ကူးစက်ခံရမှုရှိမရှိ သွားစစ်ဆေးခဲ့တာ ကိုဗစ်-၁၉ ရောဂါပိုးရှိတယ်လို့ သိခဲ့ရတယ်။ ရောဂါပိုးရှိလို့ ဆေးရုံမှာပဲ ဆေးကုသမှုခံယူခဲ့ပါတယ်။ မိသားစုတွေကိုလည်း Quarantine Center မှာနေထိုင်ရင်း ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့တာ မိသားစုဝင်နောက်ထပ် (၃)ဦးကူးစက်ခဲ့လို့ ဆေးရုံမှာပဲဆေးကုသမှုခံယူခဲ့ကြတယ်။ ကိုဗစ်ရောဂါ ကျွန်တော်တို့ကူးစက်ခံရလို့ တော်တော်တုန်လှုပ်ခဲ့ရတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အားပေး စကားတွေကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။

ဆေးရုံမှ ညွှန်ကြားတဲ့အတိုင်း စနစ်တကျနေထိုင်ရင်း ဆေးတွေ မှန်အောင်သောက်ခဲ့ပါတယ်။ ကိုဗစ် ရောဂါက ခံစားရခက်ပါတယ်။  ဆေးရုံမှာ(၁၀)ရက် ဆေးကုသမှုခံယူပြီး အိမ်မှာ(၇)ရက် ကျန်းမာရေး ဝန်ထမ်းတွေ ညွှန်ကြားတဲ့အတိုင်း နေထိုင်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကို အားလုံး ကာကွယ်ဖို့လိုအပ်ပါတယ်။ ကိုဗစ်ကာကွယ်ရေး ညွှန်ကြားချက်တွေကို ဂရုတစိုက်လိုက်နာမှ မိမိကိုယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး မိမိပတ်ဝန်းကျင်ကိုလည်းကာ ကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါကို မိမိကအစ ကာကွယ်ကြပါလို့ ပြောချင်ပါတယ်။

ခိုင်ထူး ( မြိတ် )