မိုင်းနောင်၌ (၅ ရက်တစ်ပတ်)ပျံကျဈေးအား ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြု

မိုင်းနောင် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီနှင့် မြို့နယ်ခွဲစည်ပင်သာယာရေးဌာန တာ၀န်ရှိသူများ၏ ဆွေးနွေး ဆုံးဖြတ်ချက်အရ ဈေးသည်များ၊ ဒေသနေပြည်သူများ စား၀တ်နေရေး အဆင်ပြေစေရေး အတွက် (၅ရက်တစ်ပတ်) ပျံကျဈေးအား ယနေ့ နံနက် တွင်ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင် ကျန်းမာရေး၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့ကိုဗစ်ကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များအတိုင်း(Mask)တပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ၀င်ရောက်ရန်၊ စားသောက်ဆိုင် များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ မိုင်းနောင်မြို့အတွင်း နေထိုင်သူများနှင့် ဒေသခံများသာ ဈေးရောင်းချရန်၊ အခြားမြို့နယ်‌မှ ဈေးသည်များ လာရောက်ရောင်းချခြင်း မပြုရန် လိုက်နာမှု မရှိပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

မိုင်းနောင်မြို့ (၅ရက်တစ်ပတ်) ပျံကျဈေးကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ထိန်းချုပ်နိုင် စေရန်နှင့် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ၁၃.၇.၂၀၂၁ ရက်နေ့မှစ၍  ခေတ္တယာယီ ပိတ်ထားရာမှ ယ‌နေ့ ပျံကျဈေးနေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ခွဲ စည်ပင်သာရေးဌာန တာ၀န်ခံ ဦးအောင်သက်ပိုင်ထံမှ သိရသည်။

မြင့်သွယ်(ပြန်/ဆက်)