ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရုံး/မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင် မိသားစု များအား ဆန်နှင့်စားသုံးဆီထောက်ပံ့၊ ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး တာဝန်များအား စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား

 

ဘားအံ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရုံး/မီးသတ် စခန်းများရှိ တပ်ဖွဲ့ဝင်မိသားစုများအား ဆန်နှင့်စားသုံးဆီ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ပြည်နယ် အစိုးရအဖွဲ့ တာဝန်ယူနေစဉ် ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားခဲ့ သကဲ့သို့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ လုံခြုံရေး လုပ်ငန်းများ၌ တပ်မတော်နှင့်ပူးပေါင်း၍ နေ့မအား ညမနား အပင်ပန်းခံ ကြိုးစားဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များကို အသိအမှတ်ပြု ဂုဏ်ယူလေးစားသောအားဖြင့် ယနေ့ထောက်ပံ့ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတာဝန်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အဓိကရည်မှန်းချက် တာဝန်ကို အောင်မြင်ပြီးမြောက်သည်အထိ ကြိုးစား ထမ်းရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ကွပ်ကဲမှုအောက် ရုံး/မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်မိသားစုများအား စုစုပေါင်းငွေကျပ် ၂,၈၃၃,၀၀၀/-(ကျပ် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းသုံးထောင်)တန်ဖိုးရှိ ဆန်အိတ်များနှင့် စားသုံးဆီပုံးများကို ထောက်ပံ့ ပေးအပ်ရာ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အခမ်းအနားသို့တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး ဂုဏ်ပြုအားပေး စကားများပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး တာဝန်များအား စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို  မွန်းလွဲ ၂ နာရီအချိန်ခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံတော်တာဝန်ကို လွှဲပြောင်း ရယူခဲ့ရသည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီး အကြမ်းဖက်အဖွဲ့များ၏ ပြည်သူများအား အကြောင်းမဲသတ်ဖြတ်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ  ဖောက်ခွဲဖျက် ဆီးခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အလစ်အငိုက်ယူတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာကြသည်ကို ထိထိ ရောက်ရောက် တားဆီးကာကွယ်သွား ကြရမည်ဖြစ်ကြောင်း၊ ထိုအကြမ်းဖက်အဖွဲ့များရှိနေ သေးသရွေ့မိမိတို့ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေမည်ဖြစ်ကြောင်း၊ တပ်မတော်နဲ့အတူ တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် PDF အကြမ်းဖက် တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ကြောင့် စွမ်းစွမ်းတမံ လုံခြုံရေးတာဝန်များ ထမ်းဆောင်ပေးပါသော တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့် တပ်အဖွဲ့ဝင်များကို  ယနေ့ ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က လက်နက်မျိုးစုံ(၂၁)လက်နှင့် ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိသည့် မြဝတီမြို့နယ်ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ(၅၀)သိန်းကို လည်းကောင်း၊ အ‌ရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးဇော်မင်းအောင်က တပ်မတော်သားလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် BGF လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ (၁၀)သိန်းစီကိုလည်းကောင်း၊ ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က နယ်မြေခံရဲတပ်ဖွဲ့နှင့်လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၁၀)သိန်းစီကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်က ကျေးဇူးတင်စကား ပြန်လည်‌ ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြု အားပေးစကားများပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)