ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ များ

ကန့်ဘလူ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၀၃၃)ဦးရှိပြီး  ပြန်လည်ကောင်းမွန်လာသူ (၉၁၄)ဦး၊ သေဆုံးသူ(၃၃)ဦးနှင့် ဆေးကုသမှုခံယူနေသူ (၈၆)ဦးရှိကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက် ၅၅ နှစ် အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုများတွင် ပါဝင်သူများကို ထိုးနှံပေး ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် သတ်မှတ်အုပ်စုများအလိုက် ခွဲဝေထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများကို ယခုလို ဖော်ပြလိုက်ရပါသည်။

ဒေါ်ကေခိုင်ဝင်း (အမှတ်  ၄ ရပ်ကွက်၊ ကန့်ဘလူမြို့)

မေး။     အမရဲ့အမည်၊ နေရပ်၊ အလုပ်အကိုင်လေးကိုသိချင်ပါတယ်ရှင့်။

ဖြေ။     အမရဲ့အမည်ကတော့ ဒေါ်ကေခိုင်ဝင်း၊ ရပ်ကွက်က အမှတ် ၄ ရပ်ကွက်ပါ။ အလုပ်အကိုင်က  အထက်တန်းပြဆရာမပါ။

မေး။     အမအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို စတင်ပြီး ဘယ်လိုကူးစက်ခဲ့ပါသလဲရှင့်။

ဖြေ။     ဘယ်ကနေစပြီး ဖြစ်သလဲဆိုရင် မိဘနှစ်ပါးကို ပြုစုရင်းနဲ့ကူးစက်ခံခဲ့ရတာပါ။

မေး။     အမအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားပြီလား။

ဖြေ။     ကာကွယ်ဆေးက ၂ ကြိမ်လုံး ထိုးပြီးပါပြီ။

မေး။     ဆေးထိုးပြီးသားဆိုတော့ စိတ်သက်သာမှာပေါ့နော်။

ဖြေ။     ဟုတ်တယ်။ စိတ်ထဲမှာ ငါဘာမှ မဖြစ်လောက်ဘူးလို့ အားတင်းထားတယ်။ ဆေးထိုးပြီးသား လူတွေ ကူးစက်ခံရတာလည်းကြားသိရပါတယ်။ ဒါပေမဲ့ မိဘဆိုတော့ ပစ်မထားနိုင်ဘူး။ ကူးခါမှ ကူးရောဘဲ သူတို့နဲ့နေပေးတယ်။ အဖေက ချောင်းတအားဆိုးပြီး ချွဲတွေအန်တော့ ကိုယ့်ဆီကို အကူးမြန်တာ ပေါ့နော်။ Face Shield ကလည်းမတတ်လိုက်မိဘူးလေ။

မေး။     ဟုတ်ကဲ့ပါ အမ၊ အသေးစိတ်လေးရှင်းပြပေးပါအုံးရှင့်။

ဖြေ။     အဖေနဲ့အမေကရောဂါအခံရှိကြတယ်။ အမေကဆီးချိုရှိပါတယ်။ အဖေက သြဂုတ် ၃ ရက်နေ့ မှာကိုဗစ် ကာကွယ်ဆေး ပထမအကြိမ်ထိုးပါတယ်။  နောက်နေ့မှာ ဆေးဒဏ်ကြောင့် ခန္ဓာ ကိုယ်က ကိုက်ခဲပြီး နေရခက်လာတယ်။ မန္တလေးသမားတော်နဲ့ပြချင်တယ်ပြောတော့ ဒီအချိန်မှာ သွားလာ ရေးနဲ့ နေထိုင်ရေးက အဆင်မပြေဖြစ်ရင်ဆိုပြီး အဖေ ၃ ရက်လောက် ခဏနေကြည့်ပါ ဆေးက ၃ရက်လောက်ဆို ခံစားရသက်သာသွားမှာ ပါလို့ပြောရတယ်။ အဲ့လို နဲ့ ၃ ရက် လောက်နေတော့ အဖေသက်သာလာတယ်။ အဖေသက်သာလာတဲ့ (၇) ရက်နေ့ ညမှာတော့ အမေက မူးတယ်ဆိုပြီး ဖြစ်လာတယ်။ မနက်ကျတော့ မုံရွာကဆရာဝန် မောင်လေးဆီ ဖုန်းဆက်ပြီး အဖေအမေနေ မကောင်းလို့ ပြန်လာစေချင်တယ် ပြောတော့သူက ပြန်လာလို့ အဆင်မပြေဘူး။ သူကိုဗစ်လူနာဆေး ကုနေလို့ carrier ဖြစ်သွားလိမ့်မယ်။ အခု အဖေနဲ့အမေကို O2 တိုင်းကြည့် ပေးပါပြောတော့ တိုင်းလိုက်တာ ၂ ယောက်လုံး O2 က 90% ဘဲ ရှိနေကြတာ ကျမရင်ထဲထိတ်သွားပြီး မောင်လေးကို O2က 90% ဘဲ ရှိတယ်ပြောတော့ အမရေ အဲ့ဒါဆို ကိုဗစ်လက္ခဏာမို့ မုံရွာချက်ချင်းလာခဲ့ပါလို့ ပြောတယ်။ ကျမတို့လည်း အဖေနဲ့အမေကို မနက်ည  ၂  ကြိမ် ဆေးထိုးပေးတယ်။ ရေနွေးငွေ့လေး ရှူဖို့ လုပ်ပေးတယ်။ အဲ့ထဲမှာ ချင်း၊ ရှောက်ရွက်၊ ကြက်သွန်နီ/ဖြူ ထောင်းထည့်ပြီး ရေနွေးငွေ့လေး ရှူခိုင်းတယ်။ အစားကျတော့ အဖေက စားနိုင်တယ်။ အမေကမစားတော့ဘူး မူးတယ်ဆိုပြီး မှိန်းနေ တော့တာ။ နည်းနည်းမှ ဝင်ဝင်ဆိုပြီး ခဏခဏဝင်သလောက်ကျွေးတယ်။ သိပ်ပြီး လန်းမလာခဲ့ တော့ဘဲ တစ်နေကုန်အိပ်နေတာ။ ညကျတော့ အမေက အိပ်နေတယ်ဆိုပေမယ့် ကျမက O2 ကျနေ တာကို စိတ်ပူလို့ ရင်ဘတ်အောက် စောင်လေး ပေးထားပြီး ကျောလေးပုတ်ပေးတယ်။ ရေကိုနာရီခြားတစ်ခါ တိုက်ပေးတယ်။ ဘူးထဲပိုက်ထည့်ပြီး စုပ်ယူခိုင်းရတာ။ မထနိုင်ဘူးလေ။ O2တိုင်းတော့ 92% ဖြစ်လာတယ်။ ဒီလိုနဲ့တစ်ညလုံး ၂ နာရီခြား ရေတိုက်ပြီး တိုင်းလာတာ မနက် ၇ နာရီခွဲရောက်တော့ O2က 99% ပြန်ရောက်သွားပြီ။ ၉ ရက်နေ့မနက်ပေါ့နော် အမေ O2တက်လာပြီး ခေါင်းကြည်လာတော့ မုံရွာမသွားတော့ဘူးဖြစ်ကြတယ်။ အဲ့ ၉ ရက်နေ့မနက်မှာ မုံရွာကမောင်လေး က ဘယ်နားရောက်ပြီလဲ ဖုန်းဆက်တော့မှ အမေကနေကောင်းသွားလို့ မလာတော့ဘူးပြော တယ်ဆို တော့ မရဘူး လာမှရမယ် အမေကဆီးချိုနဲ့မို့ O2က ကျနိုင်တယ် အဖေကလည်း O2ကျနေတယ် ပြောတယ်။ အဖေနဲ့အမေ O2 ကျနေတာချင်းအတူတူ အဖေကစိတ်ဆောင်ထားလို့လား မသိ ငါဘာမှမဖြစ်ဘူးလို့ပြောတယ်။ နောက်နေ့ ၁၀ ရက်နေ့မှာ မုံရွာသွားကြတယ်။ သွေးစစ်တယ်။ ကန့်ဘလူမှာလိုဘဲ အကြောဆေး ၂ ကြိမ်ထိုးပေးတယ်။ နောက်နေ့ကျတော့ သွေးစစ်ချက်အဖြေရ တယ်။ အမေ့အဖြေက ကောင်းတယ်။ အဖေ့အခြေအနေက တော်တော် လေးဆိုးနေတယ်ဆိုတာ သိရတယ်။ အဲ့လိုနဲ့ ကိုဗစ်ဖြစ်နေပြီဆိုတာ သိရတော့တယ်။ အဖေက မုံရွာမလာခင်အိမ်မှာ ပန်းသီး စားခဲ့တယ်။ အအေးစာဆိုတော့ မုံရွာလည်းရောက်ရော ချောင်းဆိုးတာ မတရားဘဲ။ ကျမကတော့ အဖေနဲ့အမေကို အနီးကပ်ပြုစုဖို့ပါလာတဲ့ မောင်လေးနဲ့ ညီမလေးကို ကူးမှာစိုးလို့ အခန်းထဲကို မဝင်စေဘူး။ အဖေနဲ့အမေ တစ်ခန်းစီ သီးသန့်ထားပေးလိုက်တယ်။ အမေ့ကို ဆီးချိုတစ်နေ့ (၄)ကြိမ်တိုင်းပေးရတယ်။ ဆီချိုချဆေး ၂ ကြိမ် ထိုးပေးရတယ်။ အမေကO2 မကျတော့ဘူးဆိုတော့ အေးဆေးဘဲ။ အဖေက ကန့်ဘလူကနေ အဲ့ဒီအချိန်ထိ  O2က မတက်လာတော့ဘူး။ ချောင်းက တအားဆိုးတယ်။ ရင်ဘတ်ကို ပရုပ်ဆီလေးပွတ်ပေးပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးအပြင် လျက်ဆား လေးနဲ့ ရေးနွေးလေးထပ်တိုက်တယ်။

မေး။     အောက်ဆီဂျင်ကျနေတဲ့ အဖေ့ကို ဘယ်လိုပြုစုခဲ့တယ်ဆိုတာ သိချင်ပါတယ်။

ဖြေ။     မှောက်အိပ်ခိုင်ပြီး ကျောကိုပုတ်ပေးတယ်။ အဲ့လိုမှောက်ထားပြီးပုတ်ပေးတော့ O2က 93-94% ရောက်လာတယ်။ နောက်နေ့မှာ အောက်ဆီဂျင်အိုးရလို့ရှူရတယ်။ အဆုပ်အလုပ်မလုပ်မှာစိုးလို့ သူ အိပ်မဲ့ ခဏဘဲ အိုးနဲ့ရှူပေးပြီး ကျန်တဲ့အချိန်ကို ကုန်းထိုင်မှောက်အိပ် ပုံစံနဲ့ O2 ထပ်ကျမသွားအောင် ထိန်းတယ်။ နောက်နေ့ oxygen စက်လေးလာပို့တော့ မီးရှိရင် စက်အကူနဲ့ ရှူပေးတယ်။ မီးမလာရင် အောက်ဆီဂျင်အိုးနဲ့ပေးတယ်။ နေ့ခင်းဆိုရင် မှောက်ခိုင်းထားတယ်။

ခုံပေါ်ထိုင်ရင်လည်းကုန်းပြီး ထိုင်ခိုင်းထားပါတယ်။ မီးကလည်းမလာ၊  O2 အိုးကလဲပျက်တဲ့ နေ့ဆိုရင် မှောက်ခိုင်းထားပြီး ကျောကို ပုတ်ပေးပါတယ် ။ O2ပေးတဲ့အခါမှာလည်း  ၉၅  %၊ ၉၆%လောက်လေး ဘဲ ရအောင်ပေးထားပါတယ်။ အိမ်မှာအောက်ဆီဂျင်ကျပြီ ဆိုတုန်းကတော့ ရှောက်ရွက်ရယ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုသင်၊ ထောင်ပြီး ရေ‌နွေးငွေ့ ရှူခိုင်းတယ်။ အဲ့ဒီအခါမှာ အဖေက လည်ချောင်ယားတာတွေသက်သာတယ်လို့ပြောတယ်။ အမေက ခေါင်းလည်းကြည်လာတယ်။ နေလို့ ထိုင်လို့ကောင်းလာတယ်ပြောတယ်။

မေး။     အမက ဆေးထိုးပြီးသားဆိုတော့ ကိုဗစ်ဖြစ်လာတဲ့အခါ အမခံစားရတဲ့ လက္ခဏာတွေကရော။

ဖြေ။     အဖေ ချောင်းဆိုးချွဲထေွးတော့ ကျမဆီ ပိုးကကူးသွားပြီ။ မျက်လုံးတွေ ဝါးလာတယ်။ လည်ချောင်း ယားလာတယ်။ လျက်ဆား ခဏခဏလျက်တယ်။ ‌ရေနွေး ခဏခ ဏသောက်တယ် လည်ပင်းကို ပရုပ်ဆီမကြာခဏပွတ်တယ်။ ၁၂ ရက်နေ့ ညကျတော့ စံပယ်ပန်းအနံ့ရှူကြည့်တယ်။ ပန်းအနံ့က သိပ်မရတော့ဘူး။ ဒါလည်း mask တပ်ထားလို့ ပန်းအနံ့ကရတာ နည်းတယ်ဘဲထင်တာ။ လည်ခေျာင်းယားလာတယ်။ ပရုပ်ဆီကိုလည်း လည်ပင်းကို ပွတ်လိမ်း၊ ရှူလည်းရှူ ကြည့်တယ်။ နာထင်ကကိုက်တော့ နာထင်ကိုလည်း ပရုပ်ဆီလိမ်းတယ်။ နှာခေါင်းထဲ ပရုပ်ဆီအနံ့ကဝင် မလာ ဘူး။ ချွေးနံ့နဲ့ ပရုပ်ဆီအနံ့ရောနေတယ် ထင်မိပြန်တယ်။ ဒါနဲ့ပရုပ်ဆီဗူး လိုက်ယူပြီးရှူကြည့်တော့မှ အနံမရတော့ဘူးဆိုတာ သိသွားတယ်။ စံပယ်ပန်းကို ပြန်နမ်းကြည့်တဲ့အခါမှာလည်း လုံးဝအနံ့မရ တော့ဘူးဆိုတာ သေချာသွားတယ်။ ကိုယ့်ကိုကိုယ်လည်း ရီမိတယ် အနံ့မရတာဆိုတာ ကြားဘဲ ကြားဖူးတာအခု ကိုယ်ကကြုံရပြီလေ။ နောက်ပြီးအပြင်ကို ကြည့်ရင်မိုးဖွဲလေးတွေ ကျနေတယ်လို့ မျက်လုံးက မြင်နေတယ်။ အဲ့ဒါနဲ့ ပါလာတဲ့ညီမလေးကို အပြင်ကအင်္ကျီတွေ ရုတ်ထားဖို့ ပြောတော့ ညီမလေးက မမကလည်း မကျပါဘူးဆိုတော့ အိမ်ထဲကိုပြန်ကြည့်တော့လည်း အဲ့လိုဘဲ ဖြစ်နေ တယ်။ မျက်နှာလည်း အန်းတယ်။ ခြေဆစ် လက်ဆစ်တွေရောင်တယ်။ နာထင် ကိုက်တယ်။ ကျမကရေနွေးခဏခဏ သောက်ပေးတယ်။ နောက် ၂ ရက်လောက်နေတော့ လူနာစောင့်လိုက်တဲ့ မောင်လေးလည်း ပိုးကူးခံရတယ်။ တစ်အိမ်လုံး ပိုးကူးသွားပြီပေါ့နော်။ ဒါပေမယ့် ပါလာတဲ့ ညီမလေးကတော့ အပြင်မှာဘဲကူဖို့ ထားတဲ့အတွက် သူ့ကိုတော့ ပိုးမကူးဘူး။ အဖေနဲ့အမေနဲ့က သူတို့ ကိုဗစ်ဖြစ်နေတာလို့ ကျမတို့က ပြောမထားဘူး။ စိတ်ထိခိုက်မှာ စိတ်ဓာတ်ကျမှာ စိုးလို့။ သူတို့ရဲ့ အခံရောဂါကို ကုနေတာလို့ဘဲသိထားစေတာ။ ကိုယ်ဖြစ်နေပြီဆိုတာကိုတော့ မိဘတွေ  စိုးရိမ်နေမှာမို့မပြောပြခဲ့ဘူး။ အဖေကခါးနာသူဆိုတော့ နာရီဝက်လေးကို မကုန်းနိုင် မမှောက် နိုင်ဆိုတော့ O2 က ကောင်းကောင်းမတက်။ တစ်နေ့ထက်တစ်နေ့ နွမ်းလာတာမြင်ရတော့ ကျမက အဖေက ကိုဗစ်ဖြစ်နေတာ အခု သမီးကို ကူးပြီ။ တစ်ချို့သူတွေဆို ကိုဗစ်လို့သိရင် ဆေးရုံတန်းပို့မှာ Qစင်တာ တန်းပို့မှာ သမီးက မပို့ဘဲ အတူနေပြီး ပြုစုပေးနေတာ အခုသမီးက အနံ့လည်းမရတော့ဘူး ခေါင်းလည်း တအားကိုက်နေတာ မနားဘဲ ပြုစုပေးနေတာကို အဖေက ပြောစကားနားမထောင်ဘူး ။ ဒီလောက် O2ကျနေလို့ အရေးကြီးလို့ ပြောနေတာကို ဆိုပြီး ငိုရင်းမှဘဲအဖေက ငါ့သမီးလေး ပြောတာနားထောင်မယ်ဆိုပြီး မှောက်တော့တာ။ အဲ့မှဘဲ O2 ရှူဖို့ပေးမထားလည်း O2 က 94-95% လေးရလာတာ စက်ကြီးဘဲအားကိုးနေလို့ မရဘူးလေ။ အဲ့ကနေပြောစကားနားထောင် ဆေးထိုး ဆေးသောက်၊ ပုံမှန်အသက်ရှူ လေ့ကျင့်ခန်းလုပ်ရင်း နေကောင်းလာကြတာ။

မေး။   အစားအသောက်၊ အနေအထိုင်နဲ့ ပတ်သတ်ပြီး ဘယ်လိုစားသောက်နေထိုင်ပါသလဲ။

ဖြေ။     အစားအသောက်ကတော့ တည့်တဲ့အစားအစာမှန်သမျှ၊ အားရှိတဲ့ အစားအစာ မှန်သမျှကို ဝင် အောင် စားကြပါတယ်။ ရေဆိုရင်လည်း ကျမက နေ့တိုင်းချိုးတယ်။ အဖေနဲ့အမေကိုတော့ ရေချိုးချင်တဲ့ စိတ်ရှိတဲ့အခါ  ရေချိုးပေးတယ်ပေါ့နော်။ အဖေ့ကို ရေချိုးပေးပြီးရင် ကျောကို ပရုပ်ဆီ ပါးပါးလေး ပွတ်ပေးပါတယ်။ ရေနွေးအိတ်ကပ်တာကို အဖေက သိပ်မကြိုက်လို့လေ။ အမေ့ကိုတော့ ဆီချို တစ်ရက် (၄)ကြိမ်တိုင်းပေးပြီး ဆီချိုချဆေး တစ်နေ့ (၂)ကြိမ် ထိုးပေးပါတယ်။ နောက်တစ်ခု ပြောချင်တာက အဖေက မုံရွာမသွားခင်လေးမှာ ပန်းသီးစားတယ်။ အဲ့မှာ ချောင်းက ပိုးဆိုးတာပေါ့။ မောင်လေးဆိုရင်လည်း လိမ္မော်သီးစားတာ ချောင်းအရမ်းဆိုးတယ်။ အဲ့ဒါကြောင့် ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေကို မစားစေချင်ဘူး။ ကိုဗစ် ဒဏ်နဲ့ဆိုတော့ ပိုပြီး ဆိုးတာထင်တယ်။ ဆေးကတော့ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ သောက်သုံးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က တော့ ရောဂါအခံချင်း မတူတော့ ကုသပုံချင်လည်း မတူပါဘူး။

မေး။     အနံ့ပြန်ရပြီးတဲ့နောက်ပိုင်းရော ဘာတွေလုပ်ဖြစ်သေးလဲ။

ဖြေး။    အနံ့ပြန်ရပြီးတဲ့နောက်ပိုင်း အဖေနဲ့အမေ့ကို သွေးပြန်စစ်တယ်။ အဆုတ်ဓာတ်မှန်ရိုက်တယ်။ အမေ့ရဲ့ ဆေးအဖြေက ကောင်းပြီး အဖေကတော့ ဘယ်ဘက်အဆုတ် အောက်ပိုင်းခဲနေတယ်လို့ သိရပါ တယ်။ အဲ့ဒါနဲ့ အဖေ့ကို ထပ်ပြီးဆလိုင်း ၇ လုံး ချိတ်ပေးရတယ်။ နောက်ပိုင်းမှာ သက်သာလာတယ်။

မေး။     ပြည်သူတွေကို ဘာများအကြံပြုချင်ပါသေးလဲရှင့်။

ဖြေ။     အကြံပြုချင်တာကတော့  ပိုးကူးစက်ခံရတဲ့ ကာယကံရှင်ရော၊ လူနာစောင့်ရော စိတ်ဓာတ်မကျဖို့ လိုပါတယ်။ လူနာစောင့်တဲ့ အခါမှာလည်း Mask နဲ့တင် မလုံလောက်ပါဘူး။ Face shield လည်း တပ်ဖို့လိုပါတယ်။ စိတ်ရှည်ရှည်နဲ့ ပြုစုတတ်ဖို့ လိုသလို စိတ်ဓာတ်မကျအောင် ပြောတတ်ဖို့လည်း လိုပါတယ်။ ပိုးသတ်ဆေးဖျန်းတဲ့အခါ ခေါင်းပိုင်းဆိုရင် မျက်လုံးကို မှိတ်ပြီး ဖျန်းရတယ်။ ခန္ဓာကိုယ်ကို ဖျန်းပြီးရင်ခြေဖနှောင့်တွေနဲ့ ဖိနပ်တွေရော ပိုးသတ်ဆေးဖျန်းရပါမယ်။ နောက်တစ်ခုက ကျမတို့က အပြင်က ပြန်လာရင် မျက်နှာမှာရှိတဲ့ Mask ကိုချွတ်ပြီး စနစ်တကျပစ်တယ်။ လက်ရေဆေးတာလောက်ဘဲ လုပ်ကြတယ်လေ။ တီးရှပ်လိုမျိုး အင်္ကျီတွေဝတ်ပြီး အပြင်ကပြန်လာ တဲ့အခါ Mask ကို မဖြုတ်သေးဘဲ အင်္ကျီကို ချွတ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ မျက်နှာချင်းဆိုင် စကားပြောမိသူက ပိုးရှိသူ ဖြစ်နေရင် ပိုးက Mask မှ ရွေးကပ်တာ မဟုတ်ပါဘူး။ အင်္ကျီရင်ဘတ်မှာလည်း ကပ်နိုင်တယ်လေ။ ဒါ့ကြောင့် အင်္ကျီချွတ်လိုက်တဲ့အခါ  ရင်ဘတ်မှာ ကတ်နေတဲ့ ပိုးက ရှူမိလိုက်ရင် နှားခေါင်းထဲကို ဝင်သွားနိုင်တယ်။ ဒါ့ကြောင့် Mask မဖြုတ်သေးဘဲ အင်္ကျီကိုအရင် ချွတ်ဖို့ပြောချင်ပါတယ်။ အဓိကကတော့ ရေကိုခဏခဏသောက်ပေးပါ ကိုယ်နဲ့တည့် တဲ့ အစာများများ စားပေးပါ အိပ်ရေးဝဝအိပ်ပါ။ ဆေးမထိုးရသေးတဲ့ သူတွေရှိရင်လည်း ကိုဗစ် ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းအကြံပြုပြောကြားလိုပါတယ်။

လဲ့လဲ့ဝင်းမောင်၊ အောင်ဝင်းငြိမ်း