မြိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား စွမ်းဆောင်ရည်မြင့်မားစွာ ကူညီပံ့ပိုးပေးနိုင်ရေး စေတနာ့ဝန်ထမ်းများအား သင်တန်းပေး

မြိတ် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ် လုပ်ငန်းတာဝန်များတွင် အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ်စသည်တို့ကို အခကြေးငွေမယူဘဲ စေတနာ့ ဝန်ထမ်းအဖြစ် မိမိတို့၏ဆန္ဒများအရ အများကောင်းကျိုးကို ပါဝင် ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက ပုလဲရတနာခန်းမတွင် သင်တန်းပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများအား ကျန်းမာရေးဆိုင်ရာ အသိပညာများရရှိစေရန်၊ ရောဂါကူးစက်မှုမှ ကာကွယ်တတ်စေရန်၊  စိတ်လူမှုဆက် ဆံရေးပံ့ပိုးကူညီပေးနိုင်ရန်၊  စွမ်းဆောင်ရည်မြင့်မားပြီး ထိရောက်သောကူညီပံ့ပိုးမှုများ စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ စေတနာ့ဝန်ထမ်း သင်တန်း လက်စွဲစာအုပ်ပါ  ကိုဗစ်-၁၉ ရောဂါ သံသယရှိပြည်သူများနှင့် Volunteer များ ပြောဆိုဆက်သွယ်ပြီး စိတ်လူမှုပိုင်းဆိုင်ရာ (Psycho Social Support-PSS) လူမှုရေးလိုအပ်ချက်ရှိသူများအား ဝန်ဆောင်မှုပေးခြင်းနှင့် ရောဂါကာကွယ်ခြင်း နည်းလမ်းများ၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း သင်ခန်းစာများကို ဆွေနွေးပို့ချပေးလျက်ရှိရာ စေတနာ့ ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်/ ထိန်းချုပ်/ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အခြေခံအချက် အလက်များ ပိုမိုသိရှိလာ၍ စွမ်းဆောင်ရည်မြင့်မားပြီး ထိရောက်သော ကူညီပံ့ပိုးမှုများ စနစ်တကျ ပိုမိုဆောင်ရွက်လာနိုင် မည်ဖြစ်သည်။

သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဉာဏ်ဇော်က သင်တန်းဖွင့် အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများက သင်ခန်းစာများ စတင်ဆွေးနွေးပို့ချခဲ့ကြသည်။ အဆိုပါသင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ပြီး မြိတ်မြို့ရှိ ပရဟိတအဖွဲ့(၂၄)ဖွဲ့မှ စေတနာ့ဝန်ထမ်း(၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် )