ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinophram) ဒုတိယအကြိမ််၌ လူဦးရေ (၅၂၂၂)ဦး ထိုးနှံပြီးဖြစ်၍ ကျန်ရှိသည့် (၈၈၂)ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆားလင်းကြီး စက်တင်ဘာ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram) ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၂၀)ရက်မြောက်နေ့အဖြစ် ယနေ့နံနက်၈နာရီ အချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် ဆားလင်းကြီး(အထက)ရှိ ပန်းမြတ်သဇင် ခန်းမနှင့် ကျားတက်(အထက)တို့တွင်   မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram)ကို ဩဂုတ်လ အတွင်းက ပထမအကြိမ်အဖြစ် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစားပေးအုပ်စုအလိုက် လူဦးရေ (၆၁၀၄)ဦးကို အောင်မြင်စွာထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ကို စက်တင်ဘာ ၅ ရက်နေ့မှ စတင်ထိုးနှံခဲ့ရာ စက်တင်ဘာ၂၄ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinophram) ဒုတိယအကြိမ်တွင် လူဦးရေ(၅၂၂၂)ဦးအား ထိုးနှံပေးပြီးဖြစ်၍  ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် (၈၈၂)ဦးအား သတ်မှတ်ရက်များ အတိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များက နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း Volunteer များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဥမ္မာခိုင်