မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့်စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှရေကျော်ကျ၍ အရေးပေါ်အခြေ အနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံ စိုက်ထူ၍ ဆက်လက်အသိပေးနှိုးဆော်လျက်ရှိ

မြို့သစ် စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံသည်    ယနေ့ နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၆ ဒသမ ၉၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက်(၁ ဒသမ ၉ ပေခန့်) ရေကျော်ကျလျက် ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၅၆၀ ဒသမ ၅၀ )ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၄ ဒသမ ၅၀ )ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက်  ( ၄ ပေခန့်)  ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

ဆည်များ၏ ရေပိုလွှဲမှရေကျော်ကျမှုကြောင့် ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများဘေး အန္တရာယ်ကင်းရှင်းရေးအတွက်    ဆည်အနီးအနားနှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံစိုက်ထူ၍ ဆက်လက်အသိပေးနှိုးဆော် ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက် ထံကသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)