မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ကျင်းပ

မယ်စဲ့ စက်တင်ဘာ ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက မြို့နယ်အတွင်းရှိ ပိုးတွေ့အတည်ပြုလူနာများအား ကုသရေးစင်တာသုံးခု၌ ထားရှိကာ လူနာများ၏ စားသောက်စရိတ်များကို နိုင်ငံတော်က ထောက်ပံ့ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ မိမိတို့မြို့နယ်တွင် ရောဂါပိုးကူးစက်ခံရမှု လျော့နည်းစေရေး ဘက်ပေါင်းစုံမှ ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် မြို့နယ်ကိုဗစ်ကော်မတီ၊ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမ ဒေါ်နန်းစောလှက ကိုဗစ်-၁၉ သံသယလူနာများအား RDT Tesk Kit ဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ စစ်ဆေးပေးနေမှုနှင့်  ကုသရေးစင်တာများမှ အတည်ပြုလူနာများအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး လုပ်ငန်းကဏ္ဍများကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)