မင်းဘူး စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ဦးဩဘာသခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေး သူများကို ယနေ့မနက် ၈ နာရီအချိန်က ဦးစားပေး အုပ်စုအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူများက အေးချမ်းစွာ လာရောက် ကာကွယ်ဆေးများ ထိုးနှံလျက်ရှိကြကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် ပြည့်ပြီး ကာကွယ်ဆေး မထိုးရ သေးသော ရပ်ကွက်/ကျေးရွာများမှ မည်သူမဆို ထိုးနှံပေးလျက်ရှိကြပြီး ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီး ဒုတိယအကြိမ် မထိုးရသေးသူများ ဦးဩဘာသခန်းမတွင် သီးသန့်ထား၍ ထိုးပေးလျက် ရှိကြောင်းလည်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံလျက်ရှိရာတွင် ယမန်နေ့ ညနေပိုင်းအထိ ဆေးထိုးပြီးသူပါင်း ၉,၅၂၀ ဦးရှိသွားပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁.၅၁ ရာခိုင်နှုန်း ထိုးနှံပြီးသွားကြောင်း သိရသည်။ ထိုကဲ့သို့ အေးချမ်စွာ ကာကွယ်ဆေး ထိုးသူများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက ကူညီဆောင်ရွက် ပေးကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)