သရက် စက်တင်ဘာလ ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် စုရပ်နေရာ (၆) ခုခွဲ၍ ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့်စုရပ် (၆) နေရာဖြစ်သော ရွှေသက်လွတ်ဘုရားဝန်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမ၊ ထုံးတောင်ကျေးရွာအုပ်စု၊ တလပါးကျေးရွာအုပ်စု၊ အလပ်လယ် ကျေးရွာအုပ်စုနှင့် ဘော်ကျေးရွာအုပ်စုများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဆရာဝန်ကြီး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ(၂,၃၀၀)လုံး ထပ်မံရရှိထားပြီးဆေး တစ်လုံး လျှင် လူ (၅) ဦးထိုးနှံနိုင်သည့်အတွက် လူဦးရေ (၁၁,၅၀၀) ဦးအား ကာကွယ်ဆေးများထိုးနှံပေးနိုင် မည်ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၂၄ ရက်နေ့က(၁,၅၃၁)ဦး လာရောက်ဆေးထိုးနှံခဲ့ကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)