ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ အသက် (၅၅) နှစ်အထက် လူကြီးများနှင့် Hotel & Motel များ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

ချောင်းသာ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အသက်(၅၅)နှစ်အထက် လူကြီးမိဘများနှင့် Hotel & Motel များ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပေးခြင်း ကို နံနက် ၉ နာရီအချိန်က စတင်၍ ချောင်းသာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ထွေ/အုပ် ဝန်ထမ်းများ၊ တိုက်နယ်ကျန်းမားရေး ဦးစီးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊  နယ်မြေခံတပ်/ ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပြန်/ဆက် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကမ်း‌ခြေစည်းကမ်း ထိန်းသိမ်း/သန့်ရှင်းရေးအဖွဲ့များ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ပရဟိတကူညီဆောင်ရွက်ပေးကြသည့် လူငယ်လေးများအား အောင်မြန်မာ စားသောက်ဆိုင်မိသားစုနှင့် သိန်းသန်းအောင် ဆေးနှင့်စတိုးမိသားစုတို့မှ မုန့်များ၊ အချိုရည်များနှင့် ရေသန့်ကတ် များ၊ စိန်စိန် လက်ဖက်ရည်ဆိုင်မိသားစုမှ နေ့လယ်စာအတွက် ထမင်းကြော်ဘူး (၄၀) တို့အား လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ဇော်လင်းမောင်