ပခုက္ကူ စက်တင်ဘာ ၂၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး(ပခုက္ကူ)၏ ရုံးလုပ် ငန်းများနှင့်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကိစ္စများကို ကိုဗစ်-၁၉ရောဂါကြောင့်အများပြည်သူရုံးပိတ်ရက်များ အတိုင်း ခေတ္တရပ်နားထားခဲ့ပြီး ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ကာ သင်မောင်လိုင်စင်အသစ်ပြု လုပ်ပေးခြင်း၊ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက်ပေးခြင်းနှင့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား One Stop Service (OSS) စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါရုံးက သိရသည်။
“ကျွန်မတို့ခရိုင်ရုံး(ပခုက္ကူ)အနေဖြင့် ရုံးလုပ်ငန်းများနှင့် ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းကိစ္စများကို ကိုဗစ်-၁၉ရောဂါကြောင့်အများပြည်သူရုံးပိတ်ရက်များအတိုင်း၂၀၂၁ခုနှစ်၊ဇူလိုင်လ၁၇ရက်နေ့တွင် ခေတ္တရပ်နားထားခဲ့ကြောင်း၊ အဆိုပါဝန်ဆောင်မှုလုပ်ငန်းများကို ရုံးချုပ်၏ညွှန်ကြားချက်အရ စက်တင်ဘာလ ၁၃ရက်တွင် ပြန်လည်လက်ခံဆောင်ရွက် ပေးခဲ့ကြောင်း၊ ရုံးပြန်လည်စတင်ဖွင့်လှစ်သည့်နေ့မှ စက်တင်ဘာလ ၂၃ရက်အထိ သင်မောင်းလိုင်စင်အသစ် (၃၉)စောင်၊ မော်တော်ယာဉ် (၃၆၂)စီးနှင့် မော်တော်ဆိုင်ကယ်(၅၉၂)စီးတို့အား မှတ်ပုံတင်ခြင်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်မဲ့မော်တော် ဆိုင်ကယ်များအား One Stop Service (OSS) စီမံချက်ဖြင့် မော်တော်ဆိုင်ကယ်(၅၉)စီးအား တရားဝင်မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ OSS စနစ်ဖြင့် ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ လာရောက်ဆောင်ရွက်မည်ဆိုပါက မော်တော်ယာဉ်ပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်းနှင့်မိတ္တူ၊ အိမ်ထောင်စုစာရင်းမူရင်းနှင့်မိတ္တူများ ယူဆောင်လာရမည်ဖြစ်ကြောင်း၊ လာရောက် ဆောင်ရွက်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံ ငွေကျပ် ၂၄၅၀၀ ပေးသွင်းရမည်ဖြစ်ပြီး မြန်မာ့ အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်နှင့် အကောက်ခွန်ဦးစီးဌာနတို့ကိုလည်း ကျသင့်သည့်နှုန်းထားများအလိုက် ပေးသွင်းရ မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းက ပြောသည်။
အဆိုပါလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်ပြည်သူများအတွက် လုပ်ငန်းစဉ်များအလိုက် လိုအပ်မည့်စာရွက် စာတမ်းအချက်အလက်များကို ဗီနိုင်းဖြင့်ကြော်ငြာထားရှိခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ ရုံးအဝင်/အထွက်ပေါက်များတွင် လက်ဆေးဘေစင်နှင့်အမှိုက်ပုံးများပြုလုပ်ထားရှိခြင်း၊ လူတစ်ဦးနှင့်တစ်ဦးအကြား အနည်းဆုံး ခြောက်ပေအကွာရှိစေရန် အကွက်များဖော်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဧည့်စာရင်းရေးသွင်းခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်စေခြင်းများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)