ပဲခူးတိုင်းဒေသကြီး၊ ပြည်-ပေါက်ခေါင်း မီးရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအနက်မှ ပြည်မြို့နယ် ဗြူးကုန်းကျေးရွာအုပ်စုတွင် ကျန်ရှိနေသော တောင်သူ(၁၃)ဦးအား မြေယာလျော်ကြေးပေးအပ်

ပြည် စက်တင်ဘာ  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်-ပေါက်ခေါင်း မီးရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအနက်မှ ပြည်မြို့နယ် ဗြူးကုန်းကျေးရွာအုပ်စုတွင် ကျန်ရှိနေသော တောင်သူ(၁၃)ဦးအား မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ပုလဲသီတာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က လျော်ကြေး ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက်ပြည်ခရိုင်လယ်ယာမြေ စီမံခန့်ခွဲ့မှုဥက္ကဋ္ဌဦးသိန်းအောင်၊ မြန်မာ့မီးရထားလုပ်ငန်း (တိုင်း/၆)ရန်ကုန်မှ လက်ထောက်အင်ဂျင်နီယာ ဦးအောင်ကျော်ညွန့်၊ ပြည်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ဥက္ကဋ္ဌဦးနိုင်လင်းဦးတို့က  ဗြူးကုန်းကျေးရွာ အုပ်စုမှတောင်သူ(၁၃)ဦးထံ လက်ဝယ် အရောက် မြေယာလျော်ကြေးငွေများ ပေးအပ်သည်။

အဆိုပါဗြူးကုန်းကျေးရွာအုပ်စုမှ ကျန်ရှိသော တောင်သူ(၁၃)ဦးအား မြေယာလျော်ကြေးငွေများ ပေးအပ်ရာတွင် တစ်ဧကလျှင်သိန်း (၂၀)ကျပ်နှုန်းဖြင့် စုစုပေါင်းမြေဧရိယာ (၉ ဒသမ ၈၃ ဧက) အတွက် စုစုပေါင်းငွေကျပ် (၁၉၆)သိန်း(၆)သောင်းကျပ် ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းစိုး (ပြန်/ဆက်)