ထန်းတပင် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၅၅ နှစ်နှင့် အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါနှင့် ကူးစက်ရောဂါမဟုတ်သည့် ရောဂါဖြစ်နေသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်မှ စတင်၍ ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးလှမြင့်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက လှည့်လည် ကြည့်ရူ စစ်ဆေးကာ လိုအပ်သည့်အကူအညီများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသူများတွင် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါနှင့် ကူးစက်ရောဂါ မဟုတ်သည့် နာတာရှည်ရောဂါသည် များလည်း ပါဝင်ကြောင်းသိရသည်။ ယင်းကာကွယ်ဆေးထိုးရာနေရာ၌ လူစု၊ လူဝေး မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
သဇင်