ပြည် စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ ၁ နာရီက ပြည်မြို့နယ်၊ ပြည်သာယာရပ်ကွက်၊ အမှတ်(၉၅၉) စစ်မြေပြင်အင်ဂျင်နီယာတပ်(ပြည်) ဝန်ထမ်းမိသားစုဝင် (၂၃)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ယခုနှစ် မေ ၃ ရက်ကစတင်ကာ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ မြို့ပေါ်ရပ်ကွက်(၁၄)ခုနှင့်ကျေးရွာအုပ်စု(၅၅) အုပ်စု၊ စုစုပေါင်း (၆၉)အုပ်စုရှိ လူဦးရေ (၅,၆၀၅)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့ ဆောင်ရွက်မှုအပါအဝင် မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း(၈၇၀)ခုနှင့် နိုင်ငံသား စိစစ်ရေးကတ်(၉၈၀)ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့် အိမ်ထောင်စုများအား အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသည့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားနှင့်အသက် ၁၈ နှစ်အထက် ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံသူနိုင်ငံသားအားလုံး နိုင်ငံသားအခွင့်အရေးနှင့် လူမှုဘဝပြည့်စုံမှု ရှိစေရေးအတွက် နိုင်ငံသားတိုင်း ကိုင်ဆောင် ရရှိထားသင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ပန်းခင်းစီမံချက်ဖြင့် ယခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် လဝကရုံးမှ သိရသည်။
မင်းမင်းစိုး ပြန်/ဆက်