ဝန်းသို ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျောက်တောကျေးရွာ၊ တပ်လွင်ကျေးရွာနှင့် ဆင်ကုန်းကျေးရွာတို့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာ ရေးနှစ် ရေရရှိရေး လုပ်ငန်းများဖြစ်သည့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံး ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်၍ အဆိုပါသုံးရွာရှိ အိမ်ခြေ ၉၂ အိမ်၊ လူဦးရေ ၅၀၀ ကျော်တို့အတွက် သောက်သုံးရေဖူလုံစွာ ရရှိနေပြီဖြစ်ကြောင်း သိရသည်။
"တပ်လွင်အုပ်စုမှာရှိတဲ့ တပ်လွင်ကျေးရွာ၊ ကျောက်တောကျေးရွာ၊ ဆင်ကုန်းကျေးရွာ သုံးရွာစလုံးက ဒီနှစ်နွေရာသီမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ကြုံခဲ့ရတယ်၊ တောင်ကုန်းတောင်တန်းတွေ၊ တောတောင် စိမ့်စမ်းတွေပေါတဲ့ဒေသဆိုတော့ ခါတိုင်းနှစ်တွေဆို လက်တူးတွင်း တွေနဲ့ပဲသုံးလို့ရတယ်၊ နှစ်နှစ်ဆက်တိုက် မိုးခေါင်တဲ့အခါကြတော့ လက်တူးတွင်းတွေက ရေခမ်းကုန်တယ်၊ ကျနော်တို့လည်း ရေရှား နိုင်မှန်းသိလို့ ဘတ်ဂျက်လျာပြီး စက်ရေတွင်းတူးပေးတယ်၊ ဒါပေမဲ့လည်း မြေအောက်ရေရှိဖို့က ကျောက်သားတွေက မာတော့တူးရတာ တော်တော်ခက်ခဲတယ်၊ အချို့တွင်းတွေဆို သုံးလလောက် အချိန်ပေးပြီးတူးရတယ်၊ နွေရာသီကာလမှာတော့ အလှူရှင်တွေရဲ့ ဝိုင်းဝန်း ကူညီမှုနဲ့ သောက်သုံးရေ လှူဒါန်းပေးခဲ့ကြပါတယ်၊ အခုတော့ သုံးရွာလုံး သောက်သုံးရေရရှိနေကြပါပြီ" ဟု မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောသည်။
ဝန်းသိုမြို့နယ် ကျောက်တောကျေးရွာနှင့် တပ်လွင်ကျေးရွာတွင် ပြည်ထောင်စု ဘတ်ဂျက်ငွေကျပ် ၁၃.၉၇ သန်းဖြင့် ဌာနနှင့် ကျေးရွာ ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော ၄ လက်မစက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း၊ ဂါလံ (၂၀၀၀) ဆံ့ရေကန်တစ်ခုနှင့် (၁၀ ပေ × ၈ ပေ × ၈ ပေ) ရှိ ရေစက်ရုံဆောင်ရွက်ပြီးစီးမှု အခြေအနေ တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ငွေကျပ် ၁၃.၉၀ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဆန်းသစ်ခေတ်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ဆင်ကုန်းကျေးရွာတွင် ၄ လက်မစက်ရေတွင်းနှင့် ဆက်စပ် လုပ်ငန်းများဖြစ်သည့် ရေကန်၊ ရေစက်ရုံ ဆောင်ရွက်ပြီးစီမှုကို လည်းကောင်း၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေပေးရေးဌာနစိတ်မှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဇာဇာထွန်းနှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)